ဥတုမဲ့
သက်ငြိမ်သစ်
တစ်ယောက်က အဆက်အဟက်မရှိတဲ့
လွင်ပြင်ဆီအလည်သွားမယ်လုပ်တော့
တစ်ယောက်က
ရေခန်းနေတဲ့ အိုင်လေးကိုပဲအမြစ်တွယ်
ချစ်တယ်လို့
ကမ္ဘာတစ်ခွန်းစာပြောကြည့်ရမလား
ကြယ်တွေပန်ထားတယ်လို့ပြောတဲ့ အနမ်းနဲ့
အခန်းဖွဲ့လို့မရတဲ့ အိပ်ယာလေးကို
ဘယ်အာကာသဆီတိုင်တည်
ဆွဲငင်အားမဲ့ပစ်ရမလဲ
တစ်ယောက်က လမင်းပိန်ပိန်လေးဆီက
အလင်းကို မျှော်တယ်
တစ်ယောက်က
နေခုနစ်ဆင်းတစ်ပြိုင်တည်းလင်းနေခဲ့တယ်
တိုက်ခတ်နေဆဲ လေတွေလို
တို့တွေ
တစ်ဘ၀စာအေးအောင်
ဖမ်းဆုပ်ထားလို့ရနိုင်မလား
တစ်ယောက် နာမ်တရားထဲ
တစ်ယောက်ဟာငေးစိုက်တွေဝေလို့
ဒီလိုမေးမိကြပေါ့
တကယ်ဆို
သွပ်ဆူးကြိုးရနံ့တွေ မွှေးမြခဲ့တယ်လို့
တို့တွေရဲ့ အာရုံငါးပါးကို
အလျှော့မပေးကြကြေး
ဆွေးတယ်ဆိုတာ သစ်တုံးလိုအသက်မဲ့သွားတာ
ကျောက်တုံးလို သွေးဆုံးသွားတာ
ဒီလို
တစ်ယောက်နဲ့ တစ်ယောက်
ဆွဲခွာပစ်လို့မရတဲ့မေတ္တာဟာ
ရွက်လှေတစ်စင်းလို
ကမ်းကကြိုးကို ရုတ်လိုက်တာနဲ့
ရွက်လွှင့်လိုက်ရပြီးသား အဖြစ်နဲ့လား
တစ်ယောက်က
ကမ်းမရှိတဲ့ကျွန်းမှာ သောင်လိုထွန်းလို့
တစ်ယောက်က
လှိုင်းနဲ့ လှုပ်နေတဲ့ ရေပြင်မှာ
ရုပ်နဲ့ခန္ဓာကို အံကြိတ်ရင်းသံမှိုဆွဲလို့
မမြဲခြင်းတွေ မြဲလို့ကောင်းနေတုန်း
ကိုယ်တို့ရရှိခဲ့တဲ့ ကပ်ငြိမှုဟာ
၀ဋ်ကြွေးတစ်ခုလို ပြတ်ရှ သွေးစို့ရမယ့်အဖြစ်လိုရာသီ.................
တစ်ယောက်ကို
တစ်ယောက်က
သဲသဲကွဲကွဲ မမြင်ရသေးခင်မှာပဲ
မိုးဟာ စုန်းစုန်းချုပ်ခဲ့ရပြန်ပါတယ်……….။
သက်ငြိမ်သစ်
Comments
Post a Comment