သူ့အလှူ

 ဆရာ တင်ညွန့်


သူ့အလှူ

----------

ကျွန်တော်တို့ ရပ်ကွက်ထဲတွင် ဦးဘအောင်ဆိုသည့် ရှေ့နေအိုကြီးတစ်ယောက်ရှိသည်။ ယခုတော့ ရှေ့နေ မလိုက်တော့ပါ။ သို့သော် သူ့အိမ်ရှေ့တွင် ဦးဘအောင်၊ အထက်တန်းရှေ့နေဆိုသည့် ဆိုင်းဘုတ်ကိုကား ချိတ်ဆွဲထားမြဲဖြစ်သည်။


သူသည် တစ်ချိန်က အလွန်အောင်မြင်သော ရှေ့နေကြီးတစ်ယောက်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ လူပျိုကြီး ဖြစ်ပြီး တစ်ယောက်တည်း နေသည်။ သူ့အိမ်ကို တပည့်ဖြစ်သူ ရှေ့နေပေါက်စများက မကြာခဏ ရောက်လာ ကြပြီး အကြံဉာဏ် ယူကြသည်များကိုလည်း တွေ့ရသည်။


ဦးဘအောင် အိမ်ခြံစည်းရိုးတွင် ဆိုင်းဘုတ်တစ်ခုကိုလည်း ချိတ်ဆွဲထားသေးသည်။


“အလှူခံခြင်း သည်းခံပါ” ဆိုသည့် ဆိုင်းဘုတ်ဖြစ်သည်။


သူသည် ဘယ်သောအခါမျှ အလှူခံ၊ သူတောင်းစားများကို ပိုက်ဆံထည့်လေ့မရှိ။ သူတောင်းစားတွေကို အော်လွှတ်သည်။ အခြားအလှူခံတွေဆိုလျှင် “ကန်တော့ပါသေးရဲ့” ဟု ပြောထုတ်သည်။ ရဟန်း၊ သီလရှင်များ ဆိုလျှင်လည်း “ကန်တော့ဆွမ်းပါ” ဟု ဆိုလိုက်သည်သာ ဖြစ်သည်။


ထိုထူးဆန်းသော ရှေ့နေကြီး ဦးဘအောင်သည် တစ်ရပ်ကွက်လုံးနှင့် တစ်ယောက်ဖြစ်သည်။ မည်သူနှင့် မျှလည်း စကားပြောဆက်ဆံခြင်းမရှိ။ ပညာတတ်တစ်ယောက်ဖြစ်ရုံမက မာန်ကြီးလှသည်ဟု ကျွန်တော်က အစပိုင်းတွင် သတ်မှတ်ပြီး ခပ်တန်းတန်း နေသော်လည်း နောက်ပိုင်းသူနှင့် ရင်းနှီးသွားသည့် အခါတွင် သူသည် သူ့မူနှင့်သူ နေထိုင်တတ်သူဟူ၍ အသိအမှတ်ပြုလာရသည်။


ဦးဘအောင်သည် ဆေးတံသောက်သည်။ ကျွန်တော့်အဖေကလည်း ထိုအချိန်က ဈေးတွင် ဆေးတံနှင့် ဆေးရွက်ကြီးများ ရောင်းသည်ဖြစ်ရာ တစ်နေ့တွင် သူက ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်ချလာပြီး


“မောင်အောင်သိန်း ... မင်းအိမ်မှာ ဆေးတံများရှိရင် ငါ့ကိုပြစမ်းကွယ်” ဟု ကျွန်တော့်အဖေကို လာပြောသည်။


ကျွန်တော့်အဖေကလည်း ထိုအချိန်က ရွာလွတ်မှ ဆေးတံများကို မှာပြီးရောင်းသည်ဖြစ်ရာ အိမ်တွင် ရှိသော ဆေးတံများကို ထုတ်ပြသည်။


“ဦးလေး ဆေးတံက မကြာသေးဘူး ဝယ်ထားတာ ... ဘာဖြစ်သွားလို့လဲ” ဟု ကျွန်တော့်အဖေက မေးသည်။


“အေးကွာ ခုံပေါ်ချထားပြီး တက်ထိုင်လိုက်တာ ကျိုးသွားလို့” ဟု ခတ်ပြတ်ပြတ်ပြေသည်။


“ကျိုးတာကို ကျွန်တော့်ပြပါလား ... ပြင်လို့ရမရ ကျွန်တော် ကြည့်ပေးမယ်” ဟုအဖေကပြန်ပြောရာ


“ကောင်းတာပေါ့ကွာ ပြင်လို့ရရင်တော့ ... ဒါပေမဲ့ မင်းဆီက ဆေးတံဝယ်မှာပါ” ဟုဆိုကာ ဆေးတံလည်း ဝယ်သွားပြီး


“မင်းသားကို ငါနဲ့ထည့်လိုက်ကွာ ... ဆေးတံကျိုးသွားတာကို ပေးလိုက်မယ်” ဟုပြောသဖြင့် ကျွန်တော်လည်း ဦးဘအောင်အိမ်ကို ဆေးတံလိုက်ယူရသည်။


သူ့အိမ်ကို ကျွန်တော် ယခုမှရောက်ဖူးပါသည်။ အိမ်တွင် စာအုပ်စင်တွေနှင့် ဥပဒေစာအုပ်တွေကို များစွာ တွေ့ရသည်။ ဦးဘအောင်က ဆေးတံအကျိုးကို စာအိတ်ထဲ သေချာစွာထည့်ရင်းက


“မောင်ရင်လေးက ဘယ်နှတန်းလဲ” ဟုမေးသည်။


“ဒီနှစ်ကိုးတန်းပါ”


“ဟုတ်လား ... ကြိုးစား ... ကြိုးစား”


“ဘကြီး”


“ဘာလဲကွ”


“ကျွန်တော့်ကို စာအုပ်တစ်အုပ်လောက် ငှားပါလား”


“ဟေ ... မင်းကစာဖတ်သလား”


“ဟုတ်ကဲ ဖတ်ပါတယ်”


“ဘာစာအုပ်လိုချင်လို့လဲကွ”


“ကြိုးစင်ပေါ်က မှတ်တမ်းများ စာအုပ်ပါ။ ဟို စာအုပ်စင်ပေါ်မှာ တင်ထားတဲ့စာအုပ်ပေါ့။ အဲဒီစာအုပ်ကို ဖတ်ချင်လို့ ရှာနေတာကြာပါပြီ။ ခုမှတွေ့လို့ပါ။ ဘကြီး ငှားနိုင်မလားလို့”


“ဪ ... မင်းက ဒီလိုစာပေတွေလည်း ဖတ်သလား”


“ဟုတ်ကဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ ကြိုက်ပါတယ်ခင်ဗျာ”


“အဲဒီ စာအုပ်က ဘယ်သူ့အကြောင်းလဲဆိုတာ သိလား”


“သိပါတယ် ... ဂျူးလိယက် ဖူးချစ် အကြောင်းပါ”


“ဘယ်ဆိုးလို့လဲ ... ယူသွားလေ ... စာအုပ်ကိုတော့ ရိုရိုသေသေကိုင်။ ဖတ်ပြီးရင်ပြန်ပေး”


ကျွန်တော်နှင့် ဦးဘအောင်သည် ထိုအချိန်ကစပြီး ခင်မင်ရင်းနှီးသွားပါတော့သည်။


အားလုံးက ဂွစာ (ခွစာ) ကြီးဟု သတ်မှတ်ထားသော ဦးဘအောင်သည် ပညာကို လွန်စွာတန်ဖိုးထား လေးစားသူ ဖြစ်သည်။ ပညာကို မြတ်နိုးသူ၊ စာအုပ်စာပေကို ချစ်သော သူတွေကိုလည်း သူက လေးစားသည်။ နောက်ပိုင်းတွင် ကျွန်တော် HGP စာမေးပွဲဖြေရန်အတွက် သူ့အထောက်အကူတွေ များစွာ ရခဲ့ပါသည်။


တစ်နေ့တွင် သူ့အိမ်မှာထိုင်ပြီး စကားပြောနေစဉ် အလှူခံတစ်ယောက်ကလာပြီး


“အလှူခံပါခင်ဗျ” ဟု အော်သည်။ သူက စိတ်ဆိုးပြီး


“ဟေ့ ခြံဝမှာ ဆိုင်းဘုတ်ရေးထားတာ မတွေ့ဘူးလားကွ” ဟု အော်သည်။


အလှူခံက ပြန်ထွက်သွားတော့မှ ကျွန်တော်က


“ဘကြီး”


“ဘာလဲကွ”


“ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ”


“မေးလေ”


“ဘကြီးက အလှူခံတွေကို ဘယ်တော့မှ မလှူဘူးနော်။ ဒါပေမဲ့ အိမ်မှာတော့ ဘုရားစင်ကို ကြည့်လိုက်ရင် ကြည်ညိုစရာပဲ။ ကျွန်တော် သိချင်တာက ဘယ်သူတွေ အလှူလာခံသည်ဖြစ်စေ ဘာဖြစ်လို့ မလှူတာလဲ ဘကြီး။ နောက်ပြီး ဘကြီးက ဘုန်းကြီးကျောင်းကို သွားတာလဲ မတွေ့ရဘူး”


“ဘုန်းကြီးကျောင်းကို ဘာကြောင့်သွားရမှာလဲကွယ့်"


“ဒီလိုပဲ ဥပုသ်စောင့် အလှူအတန်းလေးဘာလေး လုပ်ဖို့ပဲ”


“ဘုန်းကြီးကျောင်းကိုလှူမှ အလှူလားကွယ်"


သူ့မေးခွန်းကြောင့် ကျွန်တော်လည်း ကြောင်တောင်တောင်ဖြစ်သွားသည်။ သူက စကားဆက်သည်


“ဘုန်းကြီးကျောင်းတွေက ပြည့်စုံနေကြတာများတယ်ကွ ... ငါမလှူလည်း သူတို့ဆွမ်းမငတ်ဘူး။ အဲ ... စာအုပ်စင်ပေါ်က ဖိုင်တွဲလေး ယူလိုက်စမ်းပါကွယ်”


ကျွန်တော်က စာအုပ်စင်ပေါ်က ဖိုင်တွဲလေးကို ယူပေးလိုက်သည်။ သူက ဖိုင်တွဲကို ဖွင့်ပြသည်။




ဖိုင်တွဲထဲတွင် အလှူခံဖြတ်ပိုင်းတွေကို တွေ့ရသည်။ သူလှူထားသည့် အလှူတွေဖြစ်သည်။ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ ကလေးများဂေဟာတို့ကို ပေးပို့ထားသော လစဉ်ထောက်ပံ့ကြေးငွေဖြတ်ပိုင်းတွေကို သူက ကောင်းစွာ သိမ်းဆည်းထားသည်။


“ငါလှူပါတယ်ကွ ... ငါလှူတာမှ အများကြီး။ ငါ့ဘဝတစ်လျှောက်လုံး ငါရှာဖွေခဲ့တာတွေမှန်သမျှ လှူဒါန်းခဲ့ တာပေါ့”


“ဒါပေမဲ့ ဘကြီးက အလှူခံတွေလာတိုင်း မောင်းထုတ်နေတော့တာပဲတွေ့ရတယ်လေ။ ရပ်ကွက်ထဲမှာလည်း ဘကြီးတစ်အိမ်တည်း အလှူခံခြင်း သည်းခံပါဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားတာ”


“ဒီမယ် ကောင်လေး နားထောင် ... ငါ့မှာ ညီအစ်ကို မောင်နှမ ငါးယောက်ရှိတယ်။ ညီဖြစ်တဲ့ကောင်က အရက်သမား။ အစောကြီးသေသွားတယ်။ သူသေတော့ သူ့မှာ ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ နောက်ပြီး ငါ့ညီမတစ်ယောက်ကလည်း သေသွားတယ်။ သူက ရောဂါနဲ့ပါ။ သူ့မှ ကလေး သုံးယောက် ကျန်ခဲ့တယ်။ ကျန်တဲ့ ညီမနှစ်ယောက်ကတော့ လင်နဲ့ကွဲနေကြတယ်။ သူတို့မှာလည်း ကလေးတွေ ရှိကြတယ်။ စုစုပေါင်း တူတွေ တူမတွေဆိုပါတော့ ... ငါ့မှာ ၁၂ ယောက်တောင်ရှိတယ်။ ငါ့ညီအစ်ကို မောင်နှမတွေက ပညာတတ်တွေ မဟုတ်ကြဘူး။ ပညာကို အားမပေးကြဘူး။ ငါ့တူတွေ တူမတွေကို ခိုင်းစားဖို့ပဲ အားသန်နေကြတာ။ ငါက ငါ့တူ၊ တူမတွေအားလုံးကို ကျောင်းထားပေးတယ်။ ခုဆိုရင် တက္ကသိုလ်ရောက်နေတာ သုံးယောက်ရှိနေပြီ။ အဲဒီ ကလေးတွေရဲ့ လစဉ်ကုန်ကျစရိတ်တွေကို ဘယ်သူက ထောက်ပံ့ပေးနေတယ် ထင်သလဲ။ ငါပဲ ထောက်ပံ့ ပေးခဲ့တာ။ ငါထောက်ပံ့ပေးခဲ့လို့ အားလုံး ပညာတွေ သင်နိုင်ကြတာ။ ရပ်ကွက်ထဲက မူလတန်းကျောင်းလေးမှာ မရှိတဲ့ ကလေးတွေကို လစဉ်စာအုပ်ဖိုး၊ ခဲတံဖိုး ထောက်ပံ့တာတွေရှိသေးတယ်။ ငါ့တစ်လဝင်ငွေအားလုံးရဲ့ သုံးပုံနှစ်ပုံကို သူတို့တွေအတွက် ငါသုံးတယ်။ ကိုင်း မင်းကို ငါမေးမယ် ... ငါအဲဒီလို လုပ်နေတာတွေဟာ အကျိုးမဲ့ လုပ်နေတာတွေလား ... ငါမလှူဘူးတဲ့လား ... ပြောစမ်းပါကွယ်”


ကျွန်တော် သူပြောနေသည်ကို ပါးစပ်အဟောင်းသားနှင့် နားထောင်နေမိသည်။ သူကဆက်ပြောသည်


“လှူတယ်ဆိုတာ ယူတာမဟုတ်ဘူးကွ ... ပေးရတာ။ ငါအမြဲပေးတယ်။ မရှိတာတွေကို ဖြည့်ဆည်းပေးတယ်။ မသိတာတွေကို ဖြည့်ဆည်းပေးတယ်။ ငါအမှုမလိုက်တော့ပေမယ့် ငါ့တပည့်တွေက ငါ့ဆီကို အမြဲလာကြတယ်။ သူတို့သိချင်တာတွေမေးတယ်။ သူတို့အကြံဉာဏ်တွေ တောင်းတယ်။ ငါသိတာတွေကို သူတို့ကို အမြဲပြော တယ်။ ငါ ကနေ့အထိ ထမင်းမငတ်ပါဘူး။ ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူမှ အလှူမဟုတ်ပါဘူးကွယ်။ အမှန်တကယ်လိုနေတာတွေကို လိုအပ်သလို ဖြည့်ပေးနေတာတွေကလည်း အလှူပါပဲ။ ငါဘုရားကို မလှူဘူး။ ဘုန်းကြီးကျောင်းတွေကို မလှူဘူး။ ရှိတဲ့နေရာတွေ ငါမလှူဘူး။ လိုအပ်တဲ့နေရာ၊ မရှိတဲ့နေရာတွေကိုပဲ ငါလှူနေတာ။ အဲဒါကို ငါမလှူဘူးလို့ ပြောနိုင်သလား”


“ဘကြီးရယ် ... ဘကြီးကို မလှူဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ... ကျွန်တော် သဘောပေါက်ပါပြီ”


“လှူတတ်အောင်ကြိုးစားပါကွယ်”


တင်ညွန့်


၂၁.၉.၂၀၂၄

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------