ပန်းဆိုးတန်း


             မောင်ကိုကို(အမရပူရ)


          ငယ်စဥ်က   ပန်းဆိုးတန်းမှာ စာအုပ်ဟောင်း တပုံတပင်ကြီးကို မြင်ဘူးရာကနေ ငါက ရန်ကုန်ကို စိတ်ဝင်စား။ငါက ရန်ကုန်ကို ရောက်လာ။ဒီပန်းဆိုးတန်းကပဲ Hemingway ရဲ့ ဝတ္ထုတိုတွေ ငါ ရဘူးတယ်။ဂျိမ်းဂျွိုက်စ်ရဲ့ ဒပ်ဘလင်နာကို သုံးကျပ်နဲ့ ငါ ရဘူးတယ်။Holubရဲ့ selected poems ကို ငါ ရဘူးတယ်။ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာစာအုပ်ကို ငါ ရဘူးတယ်။ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းကပဲ စာအုပ်ကောင်းတွေ ငါ ရဘူးတယ်။ပန်းဆိုးတန်းမှာ စာအုပ်အဟောင်းဆိုင်တွေနဲ့ နီးတဲ့ မြစံပယ်လက်ဖက်ရည်ဆိုင်မှာ မနက်မနက် ငါ ထိုင်သလို၊ Rangoon Tea House မှာလည်း ငါ ထိုင်တယ်။ဗြိတိသျှအစိုးရခေတ်ကတော့ Phayre street (ဖယ်ယာလမ်း) ပေါ့။ ပဲခူးတိုင်းရဲ့ ပထမဆုံး ဝန်ရှင်တော်မဟာမင်းကြီး ဆာအာသာဖယ်ယာ ကို အစွဲပြုပြီး ဖယ်ယာလမ်းလို့ ခေါ်ခဲ့တာလို့ သိရတယ်။

             ထားပါတော့ကွယ်။ကိုယ်တို့ကတော့ ပန်းဆိုးတန်းမှာ ညနေဆို ပျော်ရတာကို အကြိုက်ဆုံးပေါ့။အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်လမ်းကြားက ပန်းဆိုးတန်းလမ်းမဘေးက စားသောက်ဆိုင်တွေပေါ့။အခု ပြန်တွေးကြည့်တော့ ဆိုင်နာမည်တွေတောင် ကိုယ် မေ့နေတယ်။အီးဂဲလား၊ ၃၆၅ လား၊အားမာန်သစ်လား ။အခု စာပေလောက ၂ တို့၊ရာပြည့်စာအုပ်ဆိုင်တို့ ရှိတဲ့ဘက်မှာရော၊စူပါကင်းရှိတဲ့ဘက်မှာရော စားသောက်ဆိုင်တွေမှာ ညစဥ်ညစဥ် ထိုင်ရတာ ပျော်စရာပေါ့။ ကိုယ့်စားပွဲမှာ ကိုယ့်အဖွဲ့နဲ့ကိုယ် ထိုင်ကြပေမယ့် တစ်ဆိုင်လုံးဟာ ဒီလိုဒီလို မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဆရာတို့၊မဂ္ဂဇင်းဝတ္ထုတို စာရေးဆရာတို့၊ကဗျာဆရာတို့.. သူတို့တွေချည်းပဲ။သူတို့တွေဆိုတာ ကိုယ်တို့တွေချည်းပဲလို့လည်း ပြောလို့ရတာပေါ့ကွယ်။ကိုကိုနိုင်လည်း ရှိတယ်။ပန်းချီ ဝင်းမြင့်လည်း ရှိတယ်။ မောင်နိုးလည်း ရှိတယ်။ကိုညွန့်သစ်လည်း ရှိတယ်။ကျော်ခန့်လူလည်း ရှိတယ်။အောင်ဘညိုလည်း ရှိတယ်။လူအိမ်လည်း ရှိတယ်။ကိုညွန့်သစ်ဆိုရင် ရွှေပြည်သာကို ပြန်ရမှာ။တော်တော်နဲ့ မပြန်ဘူး။

                    အောင်ဘညိုက အရက်ဝိုင်းတွေမှာ ထိုင်ပေမယ့် သူက မူးအောင် မသောက်ဖူး။သူများ မူးတာ စောင့်နေတာ။တစ်ခါ မန္တလေးက ဂရပ်ဖစ်ဒီဇိုင်နာ အေဝမ်းရောက်လာတယ်။သူက ငါ့ကို ဖုန်းဆက်တယ်။သူတည်းတဲ့ တည်းခိုခန်းနား က စားသောက်ဆိုင်မှာ သူနဲ့ငါ ထိုင်ကြတယ်။လပြည့်ဝန်းဘက် လိုက်ခဲ့ပါဆိုတော့ မလိုက်ချင်ဘူးတဲ့။ကြောက်လို့တဲ့။ရန်ကုန်မှာလည်း သူ မနေတတ်ဖူးတဲ့။တစ်ရက် တစ်ညပဲ နေမှာတဲ့။မန္တလေးမှာပဲ ပျော်တာတဲ့။ မင်း ဘော်ဒါ အောင်ဘညို လည်း  လပြည့်ဝန်းမှာ ရှိတယ်ဆိုတော့ အင်း သူ့ကို ကြောက်တာတဲ့။

မင်း ပျော်ရမှာပါကွာ ရောက်တုန်းလေးပေါ့ဆိုတော့ သူလည်း စိတ်မနိုင်တော့ဘူး။လပြည့်ဝန်းကို လိုက်လာတယ်။အောင်ဘညိုလည်း သူ့ဘော်ဒါကို တွေ့တော့ ပျော်တာပေါ့။ လပြည့်ဝန်းကနေ ပန်းဆိုးတန်းက စားသောက်ဆိုင်ကို ရောက်သွားတယ်။အခု မြစပယ်တို့ စာပေလောက၂ တို့ ရှိတဲ့ ဘက်က စားသောက်ဆိုင်ပေါ့။ 

                 ရန်ကုန်မှာ မပျော်တတ်ဖူးဆိုတဲ့ အေဝမ်းလည်း သောက်ရင်း သောက်ရင်း ပျော်မြူးသွားတယ်။အောင်ဘညိုက မူလကတည်းက အေဝမ်းနားမှာ ကပ်ထိုင်တယ်။အေဝမ်း မူးသွားချိန်မှာလည်း အောင်ဘညိုက မူးအောင် မသောက်ဖူး။ကြွယ်တာတော့ အပြိုင် ကြွယ်ကြတာပေါ့။နောက်တော့ အေဝမ်းက စားသောက်သမျှကို ရှင်းတဲ့ အပြင် သူ့အိတ်ထဲက ငါးထောင်တန်တွေ အောင်ဘညို အိတ်ထောင်ထဲ ထည့်ထည့်ပေးပေါ့။အေဝမ်းကိုလည်း တက္ကစီငှားပြီး မြို့လယ်ခေါင်က သူ့တည်းခိုခန်းကို ပြန်ပို့ပေးပေါ့။အောင်ဘညိုနဲ့ ငါက ဒဂုံဆိပ်ကမ်းကို ၅၀၀ ကားနဲ့ အတူပြန်ပေါ့။ငါက အေဝမ်းကို မင်းအတွက် ခေါ်လာခဲ့တယ် သဘောထားပါ အောင်ဘညိုရာဆိုတော့ သူက ငါ့အတွက် ကားခပါ သူ ထုတ်ပေးပါတယ်။ သူ မူးအောင်တော့ မသောက်ခဲ့တာ သေချာတယ်။

                     အဲ့ဒီမတိုင်မီ၊ အဲ့ဒီနဲ့ ခပ်ဝေးဝေးကာလတစ်ခုဆီ ငါ ရောက်သွား။ပန်းဆိုးတန်းကတော့ ပန်းဆိုးတန်း။စူပါကင်းဘက်၊Book Tree ဘက်ပေါ့။ငါတို့ တစ်ဖွဲ့ကြီး ထိုင်ကြတယ်။

အဲ့ဒီတုန်းက ဝိုင်းယဥ်နွယ်တောင် နည်းနည်းပါးပါး သောက်သေးတယ်။နောက်ပိုင်းတော့ သူ မသောက်ပေမယ့် အေးအေးဆေးဆေးဝိုင်းဆိုရင် သူက ဝင်ထိုင်ပေးတယ်။ အဲ့ဒီညက ကျော်ခန့်လူနဲ့ လင်းထိပ်က ငါ တည်းတဲ့ လှရတနာကို လိုက်အိပ်ကြမှာ။ကာလက အရပ်သားတစ်ပိုင်း စစ်တစ်ပိုင်း အစိုးရမတက်မီကာလပေါ့။သက္ကရာဇ် ၂၀၀၀ ပြည့် မတိုင်မီပေါ့။

          လင်းထိပ်ဆိုတာ တကယ် မာကျောကျစ်လစ်သူ လူငယ်တစ်ဦး။ကဗျာကောင်းတွေ အများကြီး ထည့်တဲ့ မဂ္ဂဇင်းတစ်ခုမှာ တောက်တိုမယ်ရ အယ်ဒီတာလေးလုပ်ရင်း ကဗျာရေးပေါ့။ရန်ကုန်ဘဝကို အဲ့လိုစခဲ့သူပေါ့။သူ့စိတ်ကလည်း ခံစားတတ်လွန်းတယ်။ခံစားချက်ကို ဦးစားပေးပြီး သူ့အလုပ်ကနေ ထွက်ချလာတယ်။နိုင်ငံရေးနဲ့ ထောင်ကျပြီး ပြန်လွတ်လာသူ ငါ့ဘော်ဒါထံ ငါက အလုပ်သွင်းပေးလိုက်တယ်။ငါ့ဘော်ဒါက ငါ့ရဲ့ လေချွန်သံ ဝတ္ထုကို ထုတ်ရာက စာအုပ်ထုတ်ဝေရေးနယ်ပယ်ဘက်  ဘဝတစ်ဝက် ရောက်လာတယ်။အခြား ကားအငှား လုပ်ငန်းလည်း လုပ်ပေါ့။လူတော်တော်များများမှာ ကားတော်တော်များများ ရှိလာကြတဲ့အခါ ကားအငှားလုပ်ငန်းတွေက အရင်လို ငွေဝင်မကြမ်းတော့ဘူး။လေချွန်သံက ငါ့ဘော်ဒါ ထုတ်တာ။ Book making က ဗလပါ။နောက် ငါ့ဘော်ဒါက ငါ့ရဲ့ ရက်စက်သူ ဝတ္ထုနဲ့ အမေနဲ့ ကလေး ဝေးတဲ့အခါစာအုပ် ဆက်ထုတ်ပေးတယ်။သူ ထုတ်တာ သုံးအုပ်လုံး ရောင်းရပါတယ်။ရက်ယစက်သူနဲ့ အမေနဲ့ ကလေး ဝေးတဲ့အခါ ကို book making လုပ်သူက လင်းထိပ်ဖြစ်သွားပြီ ။

                 လင်းထိပ်ဟာ ဟိတ်ဟန်တဲ့ မနေတတ်ဘူး။သူ သိတာကို အထာမထားပဲ ဝေမျှတတ်သူ။သူဟာ စာအုပ်အတွက် ကွန်ပျူတာ စာစီ၊ဖလင်ခန်း၊အော့ဖ်စက်၊စာအုပ်ချုပ် ..အဲ့ဒီ ပရော့စက်တစ်ခုလုံးကို နားလည်သူ။လုပ်ငန်းအကြောတွေ သူ အကုန် သိတယ်။အဲဒီလုပ်ငန်းခွင်ထဲက လူတွေနဲ့လည်း ခင်မင်ရင်းနှီးတယ်။စာအုပ်ဖြစ်သွားတော့လည်း စာအုပ်ဖြန့်တာက သူကိုယ်တိုင် စာအုပ်ထုပ်ကို ထမ်းပိုးပြီး ဆိုင်တကာဖြန့်တာ။စာအုပ်ဆိုင်ပိုင်ရှင်ရော အရောင်းဝန်ထမ်းမိန်းခလေးတွေရော သူနဲ့ဆို အိုကေနေပြန်ရော။ထုတ်ဝေသူဟာ လင်းထိပ်ကို ရထားရင် ရွှေပဲ။စာအုပ် ဖြစ်တဲ့ဆီကနေ စာအုပ်ဖြန့်တဲ့အဆင့်၊ငွေပြန်ကောက်တဲ့အဆင့်အထိ လုံးဝအားကိုးရတယ်။စိစစ်ရေးခေတ်ဆိုတော့ စိစစ်ရေးက အစ်မကြီးများဆီကတောင် သူက မုန့်တွေ ဘာတွေ တောင်းစားလို့ရအောင် ခင်မင်ပြန်ရော။

                  အဲဒီ လင်းထိပ်ဟာ သူကိုယ်တိုင် နားလည်ခံစားမိတဲ့ အဖုအထစ်ကတော့  သူ့ရင်ထဲမှာ ရှိနေမှာ။ပန်းဆိုးတန်းအရက်ဝိုင်းဆိုရင် သူက သူ့ကဗျာကို ထရွတ်တယ်။ကဗျာထဲမှာ ပေါက်ကွဲတယ်။အဲ့ဒီညက ကဗျာရွတ်ရင်း သူ တော်တော် သောက်မိပုံပဲ။ဆူးလေမှတ်တိုင်အထိ အတူပြန်လာကြတယ်။ငါရယ်၊သူရယ်၊ကျော်ခန့်လူရယ်။လိုင်းကားက ဘီအင်န်တွေ မိုးချုပ်ထိ ရှိတယ်။ ဆူးလေက စထွက်တော့ လူ မရသေးဘူး။လင်းထိပ်က ရှေ့ခုံမှာ ထိုင်တယ်။ထိုင်ရင်း အရက်ရှိန်ကြောင့် ရှော့ခ်ရသွားကာ ရှေ့ကြမ်းပြင်ပေါ် ပက်လက်ကြီး လျှောကျသွားရော။ငါနဲ့ ကျော်ခန့်လူက သူ့ကို မှတ်တိုင်ဆီ ဆွဲချရတယ်။လင်းထိပ်က အိပ်ပျော်သွားတာလား။သတိလစ်သွားတာလား။လိုင်းကားကလည်း ငါတို့ကို မတင်တော့ဘူး။တက်ကစီတွေ တားတော့လည်း မတင်ဘူး။မှတ်တိုင်မှာ တိုင်ပတ်ပြီ။ရေခဲရေသည်ဆီက ရေခဲတုံးတွေ ဝယ်ပြီး သူ့နဖူးပေါ် တင်တယ်။သူ့ နာမည် အော်ခေါ်တယ်။နောက်တော့ သူ သတိလည်လာအောင် သူ့ကို ဆွဲဆိတ်။သူ့ပေါင်ကို နာကျင်အောင် ငါက ထိုးကြိတ်ပေါ့။မရဘူး။သူ လုံးဝအိပ်ပျော်သွားပြီ။အရုပ်ကြိုးပြတ်ပဲ။ဒီလိုနဲ့ ညဥ့်နက်လာ။ည ဆယ့်နှစ်ကျော်ရင် ညမထွက်ရအမိန့်လည်း ရှိ။မှတ်တိုင်မှာ ငါတို့ပဲ ရှိတော့တယ်။မလှမ်းမကမ်းမှာ ရဲတွေ။ငါတို့ဘက်ကို မကြာခင် ရောက်လာမယ့် သဘောပဲ။

                ဒါနဲ့ မှတ်တိုင်အမှီရှိတဲ့နေရာမှာ လင်းထိပ်ကို ငါတို့ ခဏ ထားခဲ့ရတယ်။ ရဲတွေနဲ့ဝေးတဲ့နေရာ ငါနဲ့ ကျော်ခန့်လူ ခေတ္တ ရှောင်ထွက်။မိနစ်နှစ်ဆယ်လောက်နေမှ ငါတို့ ပြန်လာ။သူ့ကို ခေါ်ဆောင်ဘို့။သူ မရှိတော့ဘူး။ရဲတွေက သူ့ကို ခေါ်ဆောင်သွားကြပြီ။ငါ့နဲ့ ကျော်ခန့်လူလည်း ဗဟန်းကို ဝမ်းနည်းစွာနဲ့ လမ်းလျှောက်ပြန်လာကြ။ ဆယ့်နှစ်နာရီတော့ မထိုးသေးပါဘူး။မနက်ကျ အောင်ဘညိုကို အကူအညီ တောင်းရတယ်။အောင်ဘညိုက အဲ့ဒီက ရဲအရာရှိနဲ့ ခင်တယ်။ အောင်ဘညိုက စိတ်ချတဲ့။ သူ့လွယ်အိတ်ထဲ မလွတ်မကင်း စာရွက်တွေ မပါဘို့တော့ လိုတယ်တဲ့။အောင်ဘညို က လင်းထိပ်ကို ပြန်ထုတ်လာနိုင်ပါတယ်။လင်းထိပ်ကို ငါတို့က ညက အခြေအနေ ပြန်မေးတယ်။သူက ငါတို့ကို စိတ်ဆိုးသွားပုံပဲ။ အမှန်တော့ ငါတို့ သုံးယောက်လုံးဆိုရင် ရဲတွေနဲ့ ဇယားတွေ ရှုပ်ကုန်မယ်။ ရဲက သူ့ကို မမြင်ပဲ၊ဒါမှ မဟုတ် အမူးသမားဆိုပြီး ပစ်ထားခဲ့ချိန်မှာ ငါတို့က သူ့ကို ပြန်ခေါ်ဘို့ရာပါ။ငါနဲ့ ကျော်ခန့်လူလည်း အဲဒီညက တော်တော် စိတ်မကောင်းဖြစ်ကြရတယ်။နောက်နေ့ သူက ငါတို့ကို စကားမပြောချင်တာ သိရတော့ ပိုပြီး စိတ်မကောင်းဖြစ်ကြရ။သုံးယောက်စလုံး ပါသွားရင် ဇာတ်က ရှင်းလို့ရမှာ မဟုတ်ဖူး။မေးမယ်မြန်းမယ်။ ခေတ်ကြီးကလည်း ကောင်းတာ မဟုတ်ဖူး။ဟိုး တစ်ခေတ်ကျော်ကာလကပေါ့လေ။

                လင်းထိပ်က စိတ်ခုတာ ရက်ပိုင်းမျှသာပါ။ငါတို့မှာ ရေစက်ပါတော့ ငါတို့ ပြန်လည် လုံးထွေး။တစ်ခါဟာ လင်းထိပ် ဆေးရုံတက်ရ။ငါ့ဘော်ဒါနဲ့အခြားတစ်ယောက်က တစ်ငေါက်ထပရဟိတအလုပ်လေး လုပ်နေတယ်။အထူးသဖြင့် စာသမားကဗျာသမားအတွက် ကူညီတာ။ငါလည်း လင်းထိပ်နာမည်ကို သူတို့ထံ စာရင်းတင်သွင်းတယ်။သူတို့ကလည်း လုပ်ကာစ တက်ကြွနေတယ်။ဟုတ်ပြီ၊ဆေးရုံကို သွားပြီး ပိုက်ဆံပေးမယ်ပေါ့။အဲ့ဒီ တစ်ငေါက်ထပရဟိတသမားနှစ်ယောက်က ငါ့ကို လှမ်းပြောတယ်။ငါက လင်းထိပ်ဆီ ဖုန်းဆက်ထား။ဟေ့ကောင် မင်းဆီ ပိုက်ဆံပေးတာ လာလိမ့်မယ်။အသင့်စောင့်နေပါပေါ့။ဟိုလူတွေက လင်းထိပ်ရှိရာကို လာပါတယ်။နှစ်သိန်း ယူလာတယ်။ဒါပေမယ့် လင်းထိပ်က စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေတယ်။ဆေးရုံကုတင်ပေါ်ကနေ။အဲတော့ ဟိုနှစ်ယောက်က လင်းထိပ်က သေကောင်ပေါင်းလဲ မဟုတ်ဖူး။ထူထူထောင်ထောင် ရှိတယ်ဆိုပြီး နှစ်သိန်း မပေးတော့ပဲ တစ်သိန်းသာ ကူညီထောက်ပံ့သွားတယ်လို့ ပြန်သိရ။ နှစ်သိန်း ရည်ရွယ်ထားရင် နှစ်သိန်း ပေးခဲ့ပါလား။ကဗျာဆရာပဲ ဥစ္စာ။

         အခုလို ငဗစ်တွေ ငစစ်တွေကာလမှာ လင်းထိပ်က သူ့မြို့ဆီ ပြန်သွားပါပြီ။အရက်လည်း လုံးဝ မသောက်တော့တာ ကြာပြီတဲ့။ကဗျာတွေလည်း လိုင်းပေါ်မှာ ရေးနေတာ ငါ ဖတ်ရပါတယ်။ဟိုတလောက သူက ကျိုင်းတုံအက်ဆေး ဖတ်ချင်တယ်ဆိုလို့ ငါက စာတိုက်က လှမ်းပို့။သူက ကျေးဇူးတင်လို့။ လင်းထိပ် နဲ့ ငါ တစ်ခါတစ်ရံ cb မှာ ဆက်သွယ်မှု ရှိ။ဝိုင်းယဥ်နွယ်ရောလို့ သူ့ကို မေးကြည့်။ဝိုင်းယဥ်နွယ် က ဟိုဘက်ကမ်းမှာတဲ့။မြစ်ခြားသတဲ့။ဆိုင်ကယ်အက်စီးဒင့်ဖြစ်သွားသေးတယ်တဲ့။ချစ်ထွန်းရော.. မင်းနဲ့ နီးလားဆိုတော့ " ချစ်ထွန်းက တောသဌေးသားပါ ဘိုကိုရာ ။လေထန်ကုန်းမှာ ဒီကောင် စွာလို့ ကျွန်တော် ခွေးခြေပုနဲ့ ထရိုက်ဖူးတယ်။ကဗျာဆရာထဲမှာ အမွဲဆုံးက ကျွန်တော်" တဲ့။လင်းထိပ် ကျန်းမာပါစေ။ ချစ်ထွန်း ကျန်းမာပါစေ။ဝိုင်းယဥ်နွယ် ကျန်းမာပါစေ။ဦးဇင်း ကြူးနှစ် ကျန်းမာပါစေ။ချောဘသစ် ကျန်းမာပါစေ။နေပန်ဦးကော မောင်မုန်းမာန်ကော ကျန်းမာပါစေ။ ခင်ဇော်မြင့် ကဗျာကို ငါ အမြဲ စောင့်ဖတ်နေတယ်။ကဗျာကို သိပ်မတွေ့တော့။ခေတ်ဆိုးကြီးထဲမှာ မဟုတ်လား။ မောင်ကြည်သာဟာ သူအလွန်ချစ်တဲ့ သူ့ဇနီးကွယ်လွန်သွား။ငါ သူနဲ့ ထပ်တူ ကြေကွဲထိခိုက်ရပါတယ်။မချမ်းမြေ့ကြဘူးဆိုတာ ငါ သိပါရဲ့။ အားလုံး ကျန်းမာကြပါစေ။

    #𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_✍️

(ကြာသပတေး နံနက်။စံတော်ချိန်)

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------