မအောင်မြင်ခဲ့သော ခံတပ်များ


____________________________ ကြည်ဇော်အေး 


၁။


အင်းဝမြို့ဟောင်းကို ကျွန်တော်တို့ရောက်သွားတော့ အရွယ်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်ကျွန်တော်တို့အနားကို အပြေးအလွှားရောက်လာသည်။  ပြီးတော့သူ အလွတ်ကျက်ထားသည့် မယ်နုအုဋ္ဌ်ကျောင်း၊ဗားကရာကျောင်း၊ဆင်ကျုံးခံတပ်ကြီးရဲ့ အကြောင်းတွေကို ကြက်တူရွေးလေးတစ်ကောင်လို တတွတ်တွတ်ရွတ်ပြနေပါသည်။ကျွန်တော်တို့နောက်သို့တကောက်ကောက်လိုက်ပြီး သူရှင်းပြနေတာ တနေကုန်သွားသည်။ သူ့ကိုမေးကြည့်တော့ အဖေက မရှိတော့၊ အမေကသူ့ကို အဖိုးနဲ့ပစ်ထားခဲပြီး ဘယ်ထွက်သွားတယ်မသိတော့ဘူးဟုဆိုသည်။ကျောင်းလည်းမနေရတော့ဟု ပြောပါသည်။ကျွန်တော်တို့ပြန်ခါနီးတော့ ထိုကလေးအား မုန့်ဖိုးပိုက်ဆံအနည်းငယ်ပေးထားခဲ့၍ မန္တလေးသို့ပြန်လာခဲ့ကြသည်။ တငြိမ့်ငြိမ့်စီးဆင်းနေသာ ဧရာဝတီမြစ်ကြီးသည် ဆည်းဆာရိပ်တွင်လှပနေပါသည်။


ကမ္ဘာပေါ်ရှိမြစ်ကြီးများသည် လှပစွာ စီးဆင်းနေကြသည်။ခေတ်အဆက်ဆက် လူသားများသည် မြစ်ဝှမ်းဒေသတွေမှာ မြို့တွေရွာတွေတည်ကြ၊ မြစ်တွေကို အမှီသဟဲပြုပြီး အသက်မွေးရှင်သန်ကြ၊ တစတစတိုးတက်လာကြ၊ယဉ်ကျေးလာကြသည်။ ကျွန်တော်တို့သည်လည်း နိုင်းမြစ်ဝှမ်းဒေသက အီဂျစ်တွေလို ၊ တောဆင်ရိုင်းတစ်ကောင်ကဲ့သို့ ကြမ်းတမ်းခက်ထန်သော မစ္စစ္စပီမြစ်ကို ကျုံးသွင်းနိုင်ခဲ့သည့် အမေရိကန်တောင်ပိုင်းသားတွေလို  မိခင်ဆန်သော ဧရာဝတီမြစ်ကြီးကို ကျွန်တော်တို့ တန်ဖိုးထားချစ်မြတ်နိုးခဲ့ကြပါသည်။


၂။

ကျွန်တော် အင်းဝကိုပထမဆုံးစရောက်ဖူးသည်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကန်တော်လေးမှ သူငယ်ချင်းတစ်ယောက်၏ အခန်းလေးထဲတွင် ဝိုင်းဖွ ဲ့နေကြစဉ် စာရေးဆရာ ကိုငြိမ်းသစ်  ရောက်လာပြီး  မန္တလေးမှာ  ကဗျာရွတ်ပွဲလုပ်ဖို့အတွက် လာခေါ်ခြင်းဖြစ်သည်။ခရီးထွက်ချင်နေတဲ့ ကျွန်တော်တို့အားလုံးခေါင်းညိတ်လိုက်ကြပါသည်။  ဆရာညွန့်သစ် ( ကွယ်လွန် ) ဆရာမောင်သင်းမိုး ( ကွယ်လွန် ) ဟိန်းမြတ်ဇော် ၊ဝင်းဇော်လွင် ၊ ဝဲဝဲ ၊ တိုးနှောင်မိုး နဲ့ကျွန်တော်တို့တွေ မန္တလေးကိုချီတက်ကြသည်။ ကားတစ်စီးလုံးကိုယ့် သူငယ်ချင်းတွေချည်းဆိုတော့ ပျော်ပွဲစားဆန်ဆန်ဖြစ်၏။


မန္တလေးရောက်တော့ လာကြိုနေတဲ့ သူငယ်ချင်းကဗျာဆရာ စံညိမ်းဦးက တည်းဖိုစီစဉ်ထားတဲ့ ဘုန်းကြီးကျောင်းကိုလိုက်ပို့သည်။ ဘုန်းကြီးကျောင်းတွင် လူများနေသဖြင့် ကျွန်တော် နဲ့ ဝဲဝဲက သူငယ်ချင်းတစ်ယောက် ဆီ သွားတည်းကြသည်။ ထိုသူငယ်ချင်းမှာ မန္တလေးမြို့တွင် တယ်လီဖုန်း ဟန်းဆက် အရောင်းဆိုင်ဖွင့်ထားသူဖြစ်၏။သူ့ဆိုင်အပေါ်ထပ်က သူငယ်ချင်း နှစ်ယောက်သုံးယောက် လွတ်လွတ်လပ်လပ်တည်းခိုလို့ရပါသည်။ မနက်လင်းတော့ မန္တလေးမြို့ရဲ့ နာမည်ကြော်မြီးရှည်သွားစား ၊လက်ဖက်ရည်သောက်ပြီး ၁၀ နာရီလောက် မှာ စုရပ်ဖြစ်တဲ့ ဂေါဝိန်ဆိပ်မှာ လူစုကြ၏။ စီစဉ်ထားသည့် သင်္ဘော တစ်စင်းရဲ့အပေါ်ထပ်မှာ ကိုရဲလွင်( ကွယ်လွန် ) ၊ ကိုသားထွေး ( ကွယ်လွန် ) ၊ ကိုတိုးလွင် ( ဥတ္တရအလင်း ) ၊ကိုညီညီလွင် တို့၏ ပန်းရဲ့လမ်းအဖွဲ့ ။အောက်ထပ်မှာ ကျွန်တော်တို့ ကဗျာဆရာအဖွဲ့အတွက် ရိက္ခာအဆင်သင့်နဲ့ ဝိုင်းတစ်ဝိုင်း။ အပေါ်ထပ်မှာ ခင်ဝမ်းရဲ့ ဧရာဝတီ၊အောက်ထပ်မှာ ရာဇဝင်များရဲ့သတို့သမီး။လွမ်းမောဖွယ် ဧရာဝတီနှင့် ရဲရင့်သော ဧရာဝတီ ။ 


ကျွန်တော်သည် ဧရာဝတီမြစ်ကို တံတားနှစ်စင်းပေါ်က အကြိမ်ကြိမ်ဖြတ်သန်းခဲ့ဖူးသော်လည်း ထိုတံတားကြီးနှစ်စင်းရဲ့အောက်မှ ဖြတ်သန်းဖူးတာ ပထမဆုံးအတွေ့ကြုံဖြစ်သည်။ ကိုလိုနီခေတ်ရဲ့ လက်ရာ တံတားတိုင်ကြီးများနှင့် သည်ဘက်ခေတ် ရတနာပုံတံတားကြီးရဲ့ တိုင်လုံးကြီးများ ကို မိမိဘာသာစိတ်ထဲနိူင်းယှဉ်ကြည့်နေမိသည်။

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ တံတားကြီးတစ်စင်းရဲ့အောက်က မြစ်ပြင်ပေါ်မှာ ကျွန်တော် သက်ပြင်းတွေ ချခဲ့မိသေးလားဆိုတာ  ပြန်မမှတ်မိတော့ပါ။နာရီအနည်းငယ်လောက် သင်္ဘောစီးပြီးတဲ့အခါ အင်းဝကိုရောက်ရှိခဲ့သည်။ ဧရာဝတီမြစ်ဆိပ်ကမ်းနဖူးရှိ ဆင်ကျုံ း ခံတပ်ထိပ်တွင် ဆရာကိုလေး ( အင်းဝဂုဏ်ရည် ) တို့အဖွဲ့က စောင့်ကြိုနေကြသည်။ ဆရာကိုလေးက အမှတ်တရစကားပြော၏။ အခြား ပုဂ္ဂိုလ် များ လည်း ဧရာဝတီအကြောင်းစကားတွေပြောကြ၏။ ထို့နောက် ကျွန်တော်တို့ကဗျာဆရာအဖွဲ့က ကဗျာတွေရွတ်ကြသည်။ကဗျာတွေအကြောင်းပြောကြသည်။ ကဗျာဆရာသမဂ္ဂရှိဖို့လိုအပ်ကြောင်း၊ လှုပ်ရှားသင့်ကြောင်း ဆွေးနွေးကြသည်။ ထိုစဉ်က ဆရာကိုလေး ( အင်းဝဂုဏ်ရည်) နှင့် ပြည်ပအသံလွှင့်ဌာန တစ်ခု အင်တာဗျုးလုပ်ခဲ့ကြသည်။ ကဗျာဆရာအားလုံးကို ကိုယ်စားပြုနိုင်သော ကဗျာဆရာသမဂ္ဂ။ သို့သော် တိုင်းရေးပြည်ရာ က ဘာမှန်းမသိသေး။ ညီအစ်ကိုမသိတသိ နိုင်ငံရေး အပုပ်ချိန်ဖြစ်သည်။ ထိုအခါက သမ္မတကြီးမှာ ရေဒီယိုမှ တစ်လတစ်ကြိမ် မိန့်ခွန်းပြောနေချိန်ဖြစ်သည်။ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်က ပြည်ထဲရေးလက်အောက်မှာ ဖြစ်သည်။ ကျွန်တော်က ရွှေဝါရောင်တော်လှန်ရေးကာလ ကဗျာဆရာတို့၏လှုပ်ရှားမှုများကို ပြန်သတိရမိသည်။ သမဂ္ဂသည် မင်းစိုးရာဇာတို့၏ လက်ကိုင်တုတ်မဟုတ်ပါ။သမဂ္ဂသည် ဖိနှိပ်ခံပြည်သူတို့ဘက်မှ ရပ်တည်ရမည်။ သမဂ္ဂသည် ဆရာဒဂုန်တာရာတို့၏ သမိုင်းအစဉ်အလာကို ဆက်လက်ထိမ်းသိမ်းနိုင်ရမည်။ မထိမ်းသိမ်းနိုင်လျှင် မလုပ်တာကအကောင်းဆုံးဖြစ်သည်။ပဒေသရာဇ်နံ့သင်းသော ဆင်ကျုံးခံတပ်ကြီးပေါ်တွင် ထိုသို့ ကျွန်တော် တွေးနေခဲ့မိသည်။


ထိုစဉ် ကျုံးတစ်ဖက်ထိပ်ခပ်လှမ်းလှမ်းမှာ ဝိုင်းဖွဲ့ထိုင်နေကြတဲ့ကျွန်တော်တို့ကဗျာဆရာအဖွဲ့တွေကို စောင့်ကြည့်ရန် ဆိုင်ကယ်များနှင့်လူတစ်စုရောက်လာကြသည်။ ကျွန်တော်နဲ့ စံညိမ်းဦး သူတို့ထံ ထသွားပြီး ဒီရွာထဲက ဆိုင်တစ်ဆိုင်ကို လိုက်ပို့ပေးဖို့ ပြောတော့ သူတို့က မငြင်းဘဲလိုက်ပို့ကြသည်။ အပြန်တွင် ပုလင်းတစ်လုံးဝယ်လာခဲ့၏။ ကျွန်တော်တို့က မသိချင်ယောင်ဆောင်ကာ ဆိုင်ကယ် ကယ်ရီခ ဘယ်လောက်ကျသလဲ မေးတော့ " မပေးပါနဲ့ တာဝန်အရ လိုက်ပို့တာပါ "ဟု ပြောသည်။ စံညိမ်းဦး နဲ့ကျွန်တော်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ထို့နောက် ကျွန်တော်တို့အဖွဲ့စားဖို့ယူလာသည့် ကြက်ဆီထမင်းထမင်းဗူးလေးတွေကို သူတို့အတွက်ပါ ခွဲပေးလိုက်ပါသည်။ " မနက်ထဲက သတင်းရလို့စောင့်နေတာ ဘာမှမစားရသေးဘူး ကျေးဇူးပါ " ဟုဆိုကြသည်။သူတို့လည်းသူတို့တာဝန်၊ကျွန်တော်တို့လည်းကျွန်တော်တို့တာဝန်ဖြစ်၏။ သို့ရာတွင် ကျွန်တော်တို့က မည်သူမျှ အမိန့်ပေးစေခိုင်းလိုက်သည့်တာဝန်မဟုတ်။ ထို့ကြောင့်ကျွန်တော်တို့က ပို၍လွတ်လပ်သည်။ 


၃။


ကျွန်တော်တို့ နိုင်ငံတွင် အဘယ်ကြောင့် ကဗျာဆရာများကို ဖိနှိပ်ချုပ်ချယ်ခံရသနည်း။ အဘယ်ကြောင့် ကဗျာရွတ်ပွဲယဉ်ကျေးမှုများ မထွန်းကားရသနည်း။ ကဗျာဆရာများ စုဝေးကြသည်ကို ဘာကြောင့် အာဏာပိုင်အဖွဲ့စည်းများက မျက်စိစပါးမွှေးစူးနေကြသနည်း။ ပညာရေးအင်စတီကျုးရှင်း များတွင် ကဗျာကို ဘာကြောင့် ကန့်သတ်ထားကြသနည်း။ နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် သူတို့နိုင်ငံမှ နာမည်ကျော် ကဗျာဆရာကြီးများအား ဧည့်ပါမောက္ခ၊ ဂုဏ်ထူးဆောင် ပါမောက္ခကြီးများအဖြစ် နေရာပေးထားကာ ကျောင်းသားများကို ကဗျာစာပေဘာသာရပ်များကို သင်ကြားပို့ချစေပါသည်။ ကျွန်တော်တို့ နိုင်ငံ၏ တက္ကသိုလ်များရှိ မြန်မာစာ ပါမောက္ခကြီးများ ၊ မြန်မာစာဆရာများသည် တက္ကသိုလ်ကျောင်းသားများ စိတ်ဝင်တစား ဖတ်ရှုလေ့လာနေကြသော ပြင်ပကဗျာဆရာများကို နာမည်ပင်ကြားဖူးကြဟန်မတူပါ။သူတို့သည် ပြဌာန်းစာအုပ်ထဲရှိ ၁၉ ရာစုလောက်မှ ဂန္ထဝင်ကဗျာများကို မျက်မှန်ထူထူကြီးများပင့်ကာ ချွေးတလုံးလုံးဖြင့်သင်ကြားပေးနေကြပါသည်။ဝမ်းနည်းစရာကောင်းပါသည်။ ကဗျာသည် ပညာရေးအတွက် အလွန်အရေးပါသည်ကို ကျွန်တော်တို့နိုင်ငံမှ ပညာတတ်ကြီးများက လစ်လျူရှုထားကြခဲ့ကြပါသည်။ ထိုအခါ ပြဌာန်းစာအုပ်ထဲမှ ကဗျာများကို ကျောင်းသားများက အလွတ်ကျက်၍စာမေးပွဲဖြေဆိုကြရပါသည်။ အကျိုးဆက်မှာ ကျောင်းသားလူငယ်များ ဖြန့်ကျက်တွေးခေါ်နိုင်စွမ်း အားနည်းသွားတော့သည်။ ပညာရေး ခံတပ်ကြီးပြိုလဲပျက်စီးခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။


၄။


ကျွန်တော်တို့တွေ ဆင်ကျုံးခံတပ်ဟောင်းကြီးပေါ်က ပြန်လာကြတော့ ဧရာဝတီရဲ့မျက်နှာပြင်မှာ နေရောင်ညိုနေပြီဖြစ်သည်။ သင်္ဘောပေါ်တွင် စာတိုလေးတွေရေးပြီး ပုလင်းခွံအလွတ်များထဲသို့ထည့်ကာ မြစ်ထဲမျှောလိုက်ကြသည်။ ထိုပုလင်းခွံကလေးတွေလည်းဘယ်ဆီအထိရောက်မည် ကျွန်တော်မသိပါ။ရေစီးထဲတွင် မျောပါသွားကြသော ပုလင်းကလေးများကိုကြည့်နေစဉ် သင်္ဘောအပေါ်ထပ်မှ သီချင်းသံသဲ့သဲ့ ကြားလိုက်ရသည်။ မြစ်မင်းဟာ ခရီးဆက်ခဲ့ပြီ ဆိုလားပင် ။ကျွန်တော်တို့လည်း ခံတပ်ဟောင်းကြီးကိုမေ့လျော့ကာ မကြာခင်  မန္တလေးမြို့တော်ကြီးကို ပြန်ရောက်တော့မည်ဖြစ်သည်။ မြစ်၏တစ်ဖက်ကမ်းတွင် မအောင်မြင်ခဲ့သော ခံတပ်ဟောင်းကြီးမှာ ကျွန်တော်တို့ ကို လွမ်းဆွတ်ငေးမောကြည့်နေသယောင်ယောင်ပင် ။


7daynews.  Daily  [ sunday.  july.  2020 ]

ကြည်ဇော်အေး

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------