ခံစားကြည့်ပါ မကြည်ပြာ
-------------------------- ဇော်ဇော်အောင်
နေခြည်ယှက်ဖောက်သော အဝါရောင်နှင်းများ ပျံလွင့်လာချိန် နှစ်သက်ဖွယ် တိုက်ဆိုင်မှုတစ်ခုသည်
ကျွန်တော့်ဘဝ အစိတ်အပိုင်းအားလုံးကို နေရာရွှေ့၍ ပစ်လိုက်သည် ။ မနေ့က ကြိုတင်ကြံစည် မျှော်လင့်ထားသောအရာများ သည်နေ့ဖြစ်မလာသောအခါ မနက်ဖြန်ခါကို မျှော်ရပြန်၏ ။
အမှန်စစ်စစ် ကြီးမြင့်သော အရပ်ဒေသတွင် ဘာတွေရှိနေသည်လဲဟု စဉ်းစားခေါင်းရှုပ်ခံခြင်းသည် ကိုယ့်ကိစ္စမဟုတ်ပါ ။ အချိန်တန်လျှင် ကံ့ကော်ပန်းများ ပွင့်လန်းမွှေးထုံစမြဲ ။ အချိန်တန်လျှင် နေဝင်စမြဲ ။ အချိန်တန်လျှင် တိမ်တောက်စမြဲ ။ နောက်တစ်နေ့မှာ နေပြန်ထွက်မည် ။ အသက်ရှင်ဖြစ်တည်ကတည်းက ခုန်ခဲ့ရသော ၊ တဒိတ်ဒိတ်ခုန်ခဲ့ရသော နှလုံးသားသည် ပင်ပန်းသည်မရှိ ၊ တဒိတ်ဒိတ်ခုန်မြဲပင် ။ ရှင်သန်မှုနည်းပါးသော်လည်း ရွှန်းလက်သော မျက်လုံးများထဲမှာ သုံးလခန့်အလိုကပင် တစ်ကြိုး မေးခွန်းများကို ဖော်ပြနေခဲ့ကြောင်းမသိ ။ ခရမ်းနုရောင်ဘ၊ ပန်းနုရောင် မုန်းစရာကောင်းသော အရောင်နုများ တဖွားဖွားလွင့်နေ၏ ။ သေးသေးမျှင်မျှင် ကော်ကိုင်းအနက်နှင့် မျက်မှန်တစ်စုံသည် ရင်ထဲက ပန်းချီကားကို ဖုံးကွယ်ထား၏ ။ အလှဆုံး ချစ်ဖို့အကောင်းဆုံး မျက်နှာကလေးများ ရေးဆွဲတတ်သော မောင်မောင်သိုက်ကို တောင်ပင်လယ် ဟိုဘက်စွန်းက မူရိုရိုအာကျွန်း သွားပို့ထားလိုက်ကြ ။ သည်မှာ အလှဆုံး ၊ ချစ်ဖို့အကောင်းဆုံး မိတ်ကပ်မဲ့စွာ အဆီပြန်ပြောင်တင်းနေသော မျက်နှာလုံးလုံးဝန်းဝန်းကလေး ရှိနေပြီ ။ ခမ်းနားကြီးကျယ်သော ကတိစကားများလွန်ခဲ့သော နှစ်ခြောက်ဆယ်လောက်က ဆူညံနေခဲ့၏ ။ သူ့ကို နှင်းဆီဥယျာဉ်တစ်ခု လက်ဆောင်ပေးမည်ဟု ဘယ်တုန်းကမှ မပြောဖူးပါ ။ စုတ်ချာသော ကော်ဖီဆိုင်ကလေးမှာ သူ့အတွက် ကော်ဖီတစ်ခွက်ဖိုး ကျွန်တော်ပေးဖူးသည်မှအပ ဘာမှ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ပါ ။ အများသုံး ဈေးအိမ်သာမှာ ရွှေတွေအပြားခတ်၍ ခင်းမည်ဟု ပြောခဲ့သော ပုဂ္ဂိုလ်ကြီးအကြောင်း စဉ်းစားမိတိုင်း ကျွန်တော်မျက်နှာမထားတတ် ။ ကိုယ်နှင့်တော့ ဘာမျှမဆိုင် ။
မကြည်ပြာမှာ ငယ်ရွယ်သော ချစ်သူတစ်ယောက်ရှိကြောင်း ပြောပြသိရှိရသောအခါ ကျွန်တော်မျက်နှာမထားတတ် ။ ထိုချစ်သူသည် ကျွန်တော် မဟုတ်ကြောင်း ထပ်လောင်းအတည်ပြု ပြောလိုက်သောအခါ သက်သာသလိုဖြစ်ခဲ့၏ ။ စစ်စစ်မကြည်ပြာကို ကျွန်တော်ချစ်နေသည်မှာ အမှန်ပါ ။ ထိုကိစ္စသည် မကြည်ပြာနှင့်လည်း ဆိုင်သည်မထင်ပါ ။ ကံကောင်းသူလား ၊ ကံဆိုးသူလား ၊ မကြည်ပြာ၏ ချစ်သူဆိုသောသူနှင့်လည်း ဆိုင်သည်မထင်ပါ ။ ကြွေသားပန်းအိုး ဖြူဖြူထဲက ဝါဝါနီနီ နှင်းဆီပွင့် တစ်ပွင့်လို ၊ ခင်မောင်ရင်ဆွဲသော ပန်းချီကားတစ်ချပ်ထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းလို ၊ ကိုနေဝင်းစပ်သော မောင့်လပြည့်ဝန်းသီချင်းထဲက အသံတစ်သံလို ၊ သစ္စာနီရေးသော ကာရန်မဲ့ကဗျာတစ်ပုဒ်ထဲက စကားလုံးတစ်လုံးလို ။ မကြည်ပြာကို ကျွန်တော် ချစ်သည် ။ ဇော်ဂျီ၏ ဗေဒါလမ်းကဗျာ အပုဒ်လေးဆယ်ကို အေးအေးဆေးဆေး နားနားနေနေဖတ်နေရသလို ။ လရောင်ဝိုးဝါး နှင်းမှုန်ကြားက ပုဂံမြို့ဟောင်းတစ်ခွင်မှာ တစ်ယောက်တည်း အဖော်မပါ လှည့်ပတ်သွားနေရသလို ၊ ကွင်းပြင်အလယ်မှာ တစ်ပင်တည်းပေါက်နေသော ပိတောက်ပင် ပင်လုံးကျွတ်ပွင့်ချိန် အဝေးကလှမ်းမြင်ရသလိုပဲ ၊ လမ်းဘေးပလက်ဖောင်းက စာအုပ်အဟောင်းပုံတွေထဲမှာ ရှားပါးလိုချင်သော စာအုပ်ဟောင်းတစ်အုပ် ရုတ်တရက် တွေ့လိုက်ရသလို ၊ အောင်မြင်မှုတစ်ခုကြောင့် ဘဝလိုအင်တစ်ခုပြည့်သွားသော အချစ်ဆုံးသူငယ်ချင်း၏ မျက်နှာကို ဆေးလိပ်မီးခိုးငွေ့ကြားက ကြည့်နေရသလို ၊ ခံစားကြည့်ပါ မကြည်ပြာ ။ မကြည်ပြာကို ကျွန်တော် ချစ်ပါသည် ။ ထိုကိစ္စသည် ကျွန်တော်နှင့်ဆိုင်သောကိစ္စ ဖြစ်ပါ၏ ။
ကမ္ဘာပေါ်မှာ မြက်ပင်အမျိုးပေါင်း ဘယ်လောက်ရှိသလဲ ။ ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ဘယ်လောက်ရှိသလဲ ။ ကမ္ဘာပေါ်မှာ လိမ်ညာတတ်သော နိုင်ငံရေးသမားအမျိုးပေါင်း ဘယ်လောက်ရှိသလဲ ။ ကမ္ဘာပေါ်မှာ
ငတ်မွတ်ခြင်းအမျိုးပေါင်း ဘယ်လောက်ရှိသလဲ ။ ကမ္ဘာပေါ်မှာ ကဗျာအမျိူပေါင်း ဘယ်လောက်ရှိသလဲ ။ ကမ္ဘာပေါ်မှာ စိတ်ကောင်းစေတနာကောင်းအမျိုးပေါင်း ဘယ်လောက်ရှိသလဲ ။ မကြည်ပြာကို ကျွန်တော်ချစ်သောအချစ်သည် တစ်မျိုးတည်းသာရှိပါသည် ။ ပေးအပ်တာ ၊ ရယူတာ ၊ ပိုင်ဆိုင်တာ ၊ လိင်မှုကိစ္စ ဘာမျှမဟုတ် ။ အချစ်သည် အချစ် ဖြစ်၏ ။ ကန့်ကွက်သည်လား မကြည်ပြာ။ ငြင်းဆန်သည်လား မကြည်ပြာ ။ ပြစ်တင်ကြိမ်းမောင်းမည်လား မကြည်ပြာ ၊ ရှု့တ်ချငေါက်ငမ်းမည်လား မကြည်ပြာ ။ အရေးယူတိုင်တန်းမည်လား မကြည်ပြာ ။ ချစ်ပါသည်ဟူသော စကားသုံးခွန်း၏ သည်ဘက်မှာ မြင့်မားသော တံတိုင်းတစစ်ခု ခြားလျှက်ရှိစ ။ ထို တံတိုင်းသည် ရူးကြောင်ကြောင်လူများပြောလေ့ရှိသော ဂုဏ်တံတိုင်း ၊ ငွေတံတိုင်း ၊ ပကာသနတံတိုင်း ၊ အဆင့်အတန်းတံတိုင်း ၊ လူမှုရေးတံတိုင်း ၊ ယဉ်ကျေးမှုတံတိုင်း ၊ ဘာတံတိုင်း ၊ ညာတံတိုင်း ၊ ထိုတံတိုင်းများ ဘာတစ်ခုမျှမဟုတ်ပါ ။ ချစ်၍နေခြင်းသက်သက်မျှသော တ့တိုင်းသာဖြစ်၏ ။ နေစကြဝဠာ အတွင်းသို့ လွှင့်ပစ်လိုက်သော လေဆာရောင်ခြည် အလင်းးတန်းကဲ့သို့ အဆုံးမဲ့အစဉ်ဖြင့် သွားလျက်နေမည့် ချစ်ခြင်းသက်သက် ရောင်ခြည်တန်းသည် ကျွန်တော့်အသည်းနှလုံးထဲမှာ ငုတ်လျှိုးပျောက်ကွယ်သွား၏ ။ ခံစားကြည့်ပါ မကြည်ပြာ ။ သိပ်ချစ်သည် မကြည်ပြာ ။ ချစ်ဖို့မလိုပါ မကြည်ပြာ ။
ကမ္ဘာပေါ်မှာ လေတွေရှိသည် ။ ကြောင်ကလေးများမှာ နှုတ်ခမ်းမွှေးရှိသည် ။ နေရာတိုင်းမှာ မနာလိုမှုတွေ ရှိသည် ။ မထင်မှတ်သောသူတွေထံမှာ စေတနာကောင်းတွေ ရှိသည် ။ နေရာတိုင်းမှာ အနစ်နာခံသူတွေ ရှိသည် ။ ပန်းချီကားထဲမှာ နေရာမကျသော ဆေးရောင်တွေ ရှိသည် ။ သံစဉ်ထဲမှာ ကြောင်နေသော အသံတွေ ရှိသည် ။ တစ်နေ့တစ်ခြား ပူပြင်းလာသော ကမ္ဘာကြီးမှာ မျှော်လင့်အားထားစရာတွေ အရိပ်တွေ ရှိသည် ။ သီချင်းထဲမှာ ၊ ကဗျာထဲမှာ မေတ္တာတရားတွေ ရှိသည် ။ တစ်ချို့စာအုပ်တွေထဲမှာ ဘာမှမရှိ ။ လုံခြုံအောင် ပိတ်ဆို့ထိန်းသိမ်းမထားနိုင်သော အနက်ရောင်နှလုံးသားထဲမှာ စိမ့်ထွက်လာသည့် ဣဿာမစ္ဆရိယသည် မမြင်ရပုံချင်း ၊ ဘေးဖြစ်စေခြင်း အတူတူပင် ဖြစ်သည် ။ ကျွန်တော့်နှလုံးသားထဲက အချစ်များကို လုံခြုံအောင် ပိတ်ဆို့ထိန်းသိမ်းထားပါသည် ။ ခံစားကြည့်ပါ မကြည်ပြာ ။ ဖန်ပေါင်းချောင်းတစ်ခုထဲမှာ ပုစွန်ဆိတ်တစ်ကောင်နှင့် အဲလ်ဘတ်အိုင်းစတိုင်း ပျော်ရွှင်စွာ ရေကူးနေကြသည်လား ။ လေအဝှေ့မှာ ကံ့ကော်ဝတ်မှုန်များ တဖွေးဖွေးကြွေနေကြ၏ ။ စကြာဝဠာအစွန်း တွင်းနက်ကြီး တစ်ခုထဲမှာ ကဗျာသည် စုပ်ယူဝါးမျိုချေဖြတ်ခြင်းမခံရဘဲ ပျော်ရွှင်စွာ ရယ်မောနေ၏ ။ အချစ်ဆိုသည်မှာ ကဗျာတစ်မျိုးဖြစ်သည်ဟု ထင်ပါသည် မကြည်ပြာ ။
ဤလောကတွင် မုန်းစရာအကောင်းဆုံးမှာ ကိုယ်မသိသောကိစ္စကို ဝင်ဝင်ပြောသူများ ဖြစ်၏ ။ လောကနာသည် ။ မကြည်ပြာကို ကျွန်တော်ချစ်နေကြောင်း ကျွန်တော်သိသည် ။ အခြားဘယ်သူသိဖို့ လိုအပ်ပါသလဲ ။ မကြည်ပြာ မင်းသိဖို့ မလိုအပ်ပါ ။ အဘယ်ကြောင့်ဆိုသော် အချစ်သည် ရင်ထဲက မမြင်ရသော ၊ ကာရန်မပါသော ၊ စကားလုံးများမပါသော ၊ အလင်္ကာများ ၊ နမိတ်ပုံများ ၊ ရစ်သမ်များသာ၍ပင်မပါသော ကဗျာတစ်ပုဒ် ဖြစ်၏ ။ ထိုကဗျာရင်ထဲမှာ ရှိ၏ ။ မကြည်ပြာ ရင်ထဲမှာ ရှိ၏ ။
ရင်ထဲမှာ မကြည်ပြာ ရှိ၏။ အခြားသောအရာများနှင့် ဆက်စပ်ပတ်သက်သော ဖြစ်တည်မှုမဟုတ် ။ ရင်ထဲက မကြည်ပြာသည် မကြည်ပြာ မဟုတ် ။ အချစ်သာလျှင် ဖြစ်၏ ။ ထိုအချစ်သည် မကြည်ပြာ ဖြစ်၏ ။ သို့သော် မကြည်ပြာနှင့် ဆက်စပ်ပတ်သက်မနေပါ ။ ကြှနျုပျနှင့ျသာ ဆိုင်ပါသည် ။ ဘာမှမပြောနှင့် မကြည်ပြာ ။ ဘာမှမလုပ်နဲ့ မကြည်ပြာ ။ ကျွန်တော့်ကို ချစ်ဖို့ မချစ်ဖို့ မစဉ်းစားနှင့် မကြည်ပြာ ။ မွန်းကျပ်ပိတ်လှောင်သော လေထုသည် ပန်းပွင့်ဟောင်းတို့၏ ရနံ့ဖြင့် လေးတွဲ့ချိုအီနေပြီ ။ တင့်တယ်စွာ ခင်းကျင်းအပ်သော စားပွဲပေါ်က စားကောင်းသောက်ဖွယ်တို့ ပုပ်သိုး၍ သွားပေပြီ ။ အပြင်ဘက်မှာ မိုးတွေရွာလာပြီ မကြည်ပြာ ။ မိုးရေထဲကို ရဲရဲတိုးဝင်ဆက်လျှောက်ပါ ။ ကျွန်တော်သည်မှာပဲ ရှိနေမည် ။ သည်မှာပဲ ဖြစ်တည်နေမည် ။ ဆင်စွယ်ပန်းခြင်းနှင့်အပြည့် ကျွန်တော်ကောင်းခြင်း မင်္ဂလာများ ယူဆောင်၍ သွားပါလေ ။ ဤကဗျာကို ယူဆောင် သွားပါလေ ။ ရဲရင့်သော လင်းယုန်ငှက်တို့ ဆင်းသက်ပျော်မြူးသော ထိုကန်ရေပြင်မှာ ကြာပွင့်နီနီတို့ လွှမ်းပါစေ ။ မောင်သစ်မင်း၏ သီချင်းတစ်ပုဒ် ကျော်ဟိန်း ဆိုပါစေ ။ ကုန်းမို့ထက် စေတီမြတ်က ညောင်ရွက်ခတ်သံ ကြားသောအခါ ဤကမ္ဘာသည် မကြည်ပြာအတွက် ပန်းနုရောင် ရောင်ခြည်ဝန်းတစ်ခု ဖြစ်သွားပါလိမ့်မည် ။ လှပနီကျင်သော ဆံယဉ်နွယ်များကို လက်ချောင်းဖြူဖြူကလေးများဖြင့် သပ်၍ ခေါင်းကို မတ်မတ်မြင့်မြင့် စွင့်မော့၍ လတ်ဆက်သန့်ရှင်းသော အချစ်လေကို ရှူရှိုက်၍ တောင်ထွတ်ပေါ်မှာ မကြည်ပြာ ရပ်နေခြင်းဖြင့် လောကကို မွှေးကြိုင်သင်းပျံစေ၍ အရှေ့အရပ်က ငွေလမင်းကို သီချင်းဆို၍ ကြိုပါ မကြည်ပြာ ။ ကျွန်တော်သည်မှာပဲ ရှိနေပါမည် ။
အဝေးအရပ်မှ ပျံသန်းလာသော ကဗျာငှက်သည် သူ့ရင်ထဲမှာ ဗလာ ။ အဝါရောင် နှင်းများပျံဝဲသက်ဆင်းလာ၏ ။ ဖိတ်ဖိတ်နက်မှောင်ကတ္တီပါရောင် မြင်းတစ်ကောင်သည် လက်ပံပက်ခြေရင်းမှာ စင်း၍ ရပ်နေသည် ကောင်းကင်တစ်နေရာမှာဘမိုးခြိမ်းသံကို ညင်သာတိုးတတ်စွာ ကြားလိုက်ရ၏ ။
ဘယ်နေရာမှာ ၊ ဘယ်သူ့ရင်ထဲမှာ လေပြင်မုန်တိုင်းတစ်ခု အစပြုဖြစ်ပေါ်နေပြီလဲ ။ ကျောက်တောင်များ မှုန့်မှုန့်ညက်ညက် ကြေပျက်ပေရော့မည် ။ အဝေးအရပ်မှ ပျံသန်းလာသော ကဗျာငှက်သည် . . . ။ ကမ္ဘာတုန်အောင် အဟုန်ပြင်းသော သီချင်းသံများ ကြားလိုက်ရ၏ ။ မိုးသားများ အရိပ်ဆင်ထ၍ တတ်လာပြီ ။ ကမ္ဘာလောက အေးမြပါစေ ။ လှပသော ရောင်ခြည်တစ်သန်း ။ ကဗျာငှက် ။ သီချင်းသံများကြားမှာ ရွှေသားနန်းဆောင်တစ်ခု၏ တံလှပ်ရုပ်ပုံ ။ ကျိုးပဲ့လဲလျောင်းနေသော ကာရန်တစ်ခု ။ နှစ်သက်ဖွယ် တိုက်ဆိုင်မှုတစ်ခု ။ ချစ်နေခြင်းသက်သက်မျှသော တံတိုင်း၏ ပိတ်ဆို့ထိန်းသိမ်းခြင် ။ ဟေမာနေဝင်း၏ သီချင်းတစ်ပုဒ် ။
ရှက်စရာကောင်းသော လူများ ။ ဖုန်မှုန့်တောမှ မျှော်လင့်ချက် ။ ခံစားကြည့်ပါ မကြည်ပြာ ။ ကျွန်တော်သည်မှာ ရှိနေသည် ။
အဝေးအရပ်မှ ပျံသန်းလာနေသည်ဟု ထင်ရသော . . . ။ မကြည်ပြာ ။ သိပ်ချစ်သည်ဟု ထင်ရသော . . . ။
#ခံစားကြည့်ပါမကြည်ပြာ
#ဇော်ဇော်အောင်
Comments
Post a Comment