ခေတ်ကြီးတခုလုံးနာတဲ့ဇာတ်
________________________ လင်းခါး
ဒီနေ့မနက်တော့ ဆယ်နာရီထိုးမှ ကျနော်နိုးလာတယ်။ အဲဒါတောင် မနေ့ညက ပူလွန်းလို့ ပြတင်းပေါက်တွေ ဖွင့်အိပ်မိရာက မနက်လင်းတော့ အဲဒီပြတင်းပေါက်တွေက ၀ငျလာတဲ့ နေရောင်က နဖူးပေါ်တည့်တည့်ကျလို့ လန့်နိုးလာခဲ့တာ။ လမ်းပေါ်က ဖြတ်သွားတဲ့လူတယောက်အဖို့တော့ အဲဒီပြတင်းပေါက်တွေကို ကြည့်လိုက်ရင် နေရောင်တစောင်း၀င်လို့ အခန်းအပြင်အဆင်ကို တပိုင်းတစ လှမ်းမြင်လိုက်ပြီး စိတ်ကူးယဉ်ချင်ယဉ်နေဦးမှာ။ ကျနော်ကတော့ အိပ်မရေး၀ဘဲ နိုးထလာခဲ့ရတယ်။
မနေ့ညက ငါးနာရီထိုးပြီးတဲ့နောက်မှာမှ ကျနော်အိပ်ပျော်သွားခဲ့တယ်။ ကြက်တွေကတွန်တဲ့အဆင့် ကနေ ပျံလည်းမပျံနိုင်ပါဘဲနဲ့ တောင်ပံတွေတဖျတ်ဖျတ်ရိုက် လောကကို ဆူညံပွက်လောရိုက်အောင် လုပ်တဲ့အဆင့်ဖြစ်နေပြီ။ အိမ်ရှေ့လမ်းပေါ်ကနေ စျေးဘက်ကို ဖြတ်သွားတဲ့ ကုန်စိမ်းတင်ကားတွေ၊ ဆိုင်ကယ်တွေဆိုတာလည်း မနက်မှ လင်းမလို့ရှိသေးတယ်။ လီဗာကိုတအားနဲ့နင်းပြီး လမ်းတလျှောက်က အိမ်တွေထဲ ဇိမ်ကျနေသူတွေ လွန်တယ်။ ငါတို့မှာတော့ လေးနာရီလောက်ကတည်းက ထ အလုပ်လုပ်နေကြရပြီ ထကြတော့ ဆိုတာမျိုး မလိုတမာနဲ့ အသံကျယ်ကျယ်လုပ်မောင်းသွားကြတာ။
တကယ်တော့ မနေ့က ကျနော် စောစောအိပ်ရာ၀င်ခဲ့တာ။ ဒီညတော့ စာရေးဖို့ရှိတယ်လို့ စိတ်ကူးရင်း ကာဖီကလေးဖျော်ပြီး စာရေးချင်စိတ်ကို နှိုးဆွပေးနိုင်မယ့် စာအုပ်ရွေးနေတုန်း ကိုးနာရီလောက် မှာကတည်းက တဝါးဝါးသမ်းလာတယ်။ ဒါနဲ့ ဒီလိုဆိုတော့လည်း မနက်ဖြန်မှပေါ့ ဘယ်တတ်နိုင်မလဲလို့ တွေးရင်း အိပ်ရာထဲ၀င်၊ ဖုန်းတောင် မပွတ်တော့ဘဲ အိပ်လိုက်တာ။ နှိုးတ၀က် အိပ်တ၀က်ကနေ အိပ်မော စကျမယ်လုပ်တုန်း ဘာကြောင့်မှန်းမသိ ဖျတ်ခနဲနှိုးလာလို့ နာရီကြည့်လိုက်တော့ ဆယ်နာရီခွဲရှိသေးတယ်။ အဲဒီကနေ ကျနော်တယောက် ကြိုးစားပြီး အိပ်ပါသေးတယ်။ မထဘူးကွာ မထဘူးကွာ ယောက်ျားတံခွန် လူရည်ချွန်မို့ ကြိုးစားအိပ်ရင် ရရမှာပဲလို့ စိတ်တင်းပေမယ့်လည်း မျက်လုံးက လုံးဝကြောင်သွားခဲ့ပြီ။ ညဘက်မှာ မြင်ရတဲ့ ခွေးမျက်လုံးကြောင်မျက်လုံးလို အရောင်တတောက်တောက်တောင် ဖြစ်နေလိမ့်မယ် ထင်ပါရဲ့။
အဲဒါနဲ့ပဲ ကဲ စာရေးတာပေါ့ လို့ အိမ်ရှေ့ပြန်ထွက် မအိပ်ခင်က ဖျော်ထားခဲ့တဲ့ အေးစက်စက် ကော်ဖီကိုသောက် စာဖတ်၊ ပြီးတော့ စာစရေးတော့တာပဲ။ ခေါင်းထဲမှာ ရေးမယ်လို့ တေးထားတဲ့ အကြောင်းအရာက လေးငါးခုလောက်ရှိနေတော့ ရေးရင်ဖြစ်မှာပဲလို့ ခပ်အေးအေးပေမယ့် အိပ်ရာက မနိုးချင်ဘဲ နိုးလာရတော့ စိတ်ကကြည်ကြည်လင်လင်မဖြစ်။ ဘေးမှာ ဘာတွေမှန်းမသိတဲ့ အစိုင်အခဲတွေ ပတ်လည်ဝိုင်းပြီး ဥဒဟိုသွာလာနေကြသလို ခံစားနေရတယ်။ ဘာပုံမှ မထုရသေးပေမယ့် တခုခုထုလို့တော့ ရမှာပဲဆိုပြီး ချောင်တချောင်မှာ ပစ်ထားခံရတဲ့ ပန်းပုဆရာရဲ့ သစ်သားတုံးကြီးတလုံးလိုပဲ။ ဒါမှမဟုတ် စေတန်ဂြိုဟ်လိုပဲ စိတ်ပျက်ဖွယ်ရာ အရည်အငွေ့ ခါးပတ်ကြီးနဲ့ပေါ့။
ခေါင်းထဲရှိနေတဲ့ အကြောင်းအရာလေးငါးခုထဲက လတ်တလောရေးချင်နေတဲ့ အကြောင်းအရာကို ချရေး၊ တမျက်နှာနေတော့ ငါးစိမ်းတန်းမှာ ငါးကို ခါးကပိုင်းချလိုက်သလို တပိုင်းစီကန့်သွား ဘယ်လိုမှ ပြန်ဆက်လို့မရတော့။ ဒါနဲ့ပဲ ခေါင်းထဲရှိပြီးသား နောက်ထပ်အကြောင်းအရာတခုကို ချရေးပြန်၊ နှစ်မျက်နှာ လောက်နေတော့ လမ်းဆုံးသွားသလို ရေးမရတော့ပြန်။ အဲဒီလို အကြောင်းအရာတခုပြီးတခု ဆက်ရေးလိုက်တာ အကြောင်းအရာငါးခု အားလုံး တမျက်နှာ၊ အလွန်ဆုံး တမျက်နှာခွဲဆီ ငါးပုဒ်ဖြစ်သွားတယ်။ အကုန်လုံးကလည်း ဇာတ်နာတဲ့ ဖြစ်ရပ်တွေအပေါ် အခြေခံထားတာချည့်ဆိုတော့ ဒါတွေ ငါ မငြီးငွေ့နိုင်သေးဘူးလားလို့ ကိုယ့်ကိုယ်ကိုယ်တွေးရင်း ဘယ်အပုဒ်ကိုမှ ရှေ့ဆက်လို့လည်း မရတော့ဘူး။ ဒီညမှာတော့ ဘယ်လိုမှ စာတပုဒ်ပုဒ်မဖြစ်နိုင်တော့ဘူးလို့ ကျနော့်အတွေ့အကြုံအရသိလိုက်ရပြီ။ စာရေးတယ်ဆိုတာ လူတို့လုပ်အပ် ဖန်တီးအပ်တဲ့ အခြားသောကိစ္စများလိုပဲ။ စိတ်ရှိတုန်းလုပ်မှရတာ။ စိတ်မပါလို့များကတော့ ငလျင်လှုပ်လွန်းလို့ ကမ္ဘာကြီးတောင် ၀ငျရိုးကနေ တစ်ဒီဂရီလောက်ရွေ့သွားမယ်။ ဘာမှဖြစ်မလာဘူး။
စာရေးသူတယောက် စာရေးမရတော့တဲ့ ပြဿနာဆိုတာ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ကိုယ်မရေးနိုင်လည်း ရေးနိုင်မယ့်စာရေးဆရာတွေ အများကြီး။ တချို့စာရေးဆရာတွေဆိုရင် စာရေးမရတဲ့အဖြစ်ကို ကလေးမွေးနေရင်းတန်းလန်း ညှစ်မရပြုမရဖြစ်သလိုလို ခိုင်းနှိုင်းတာမျိုး ကျနော်ဖတ်ဖူးတယ်။ မဆိုင်တဲ့ နိမိတ်ပုံပဲဗျာ။ ဟိုမှာ မိန်းမတယောက် ကလေးမွေးရတာဆိုတာ ဘယ်လောက်နာတယ်မှတ်လဲ။ နောက်ပြီး အသက်နဲ့ရင်းနေရတာ။ အဲဒီနာကျင်မှုမျိုးကိုများ ဒီစာဆက်ရေးလို့မရတဲ့ကိစ္စနဲ့ နှိုင်းတယ်ဆိုတာ မစာမနာနှိုင်းရက်လေခြင်းလို့တောင် ကျနော်က ဒေါသထွက်မိတယ်။ ဒီနေ့ရေးမရရင် နောက်နေ့ရေးပေါ့။ စျေးသည်မလေးတယောက် ဇကောထဲ နံနံပင်လေးတစီး ကပ်သီးကပ်သတ်ကျန်နေလို့ အိမ်မပြန်နိုင် ဖြစ်နေရတာကမှ စာရေးမရတဲ့ ကိစ္စထက် ပိုလို့ နာကျင်ရသေးတယ်။
စာရေးမရတော့ ဘာဖြစ်သေးလဲ စာဖတ်မယ်ကွာလို့ စာထိုင်ဖတ်လိုက်တာ၊ အိပ်ချင်စိတ်ကလည်း တစက်မှမရှိနဲ့ မနက်ငါးနာရီထိုးတော့မှ အိပ်ရာထဲပြန်၀င် အိပ်လိုက်တော့တာပဲ။ မနက်ခင်းဆယ်နာရီမှာ အိပ်ရေးမ၀ဘဲ နိုးလာတယ်။ မျက်နှာသစ်သွားတိုက် ပြီးတော့ လက်ဖက်ရည်ဆိုင်ထွက်ခဲ့တယ်။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ရှေ့ရောက်ခါမှ ကျနော်တို့အဖွဲ့ လက်ဖက်ရည်ဆိုင်အသစ်တဆိုင်ကို ပြောင်းထိုင်တာ တပတ်ရှိနေပြီဆိုတာကို သတိရပြီး နောက်ကြောင်းပြန်လှည့်ရတယ်။ တော်သေးတယ် ဆိုင်ရဲ့ တံစက်မြိတ်အောက်ကို မရောက်သေးလို့။ အဲဒီအောက်ရောက်သွားတာနဲ့ အဖျော်ဆရာက လှမ်းမြင်မှာ။ လှမ်းမြင်လိုက်တာနဲ့ စားပွဲထိုးချာတိတ်တွေ တော်တော်နဲ့ လာမချတာကနောက်မှ သူကဖျော်ပြီး တီးခုံမှာတင်ထားလိုက်တော့မှာ။ အေးစက်ပြီး အပေါ်ကြောတောင့်တင်းသွားတဲ့အထိ။
ကျနော်တို့အဖွဲ့ လက်ဖက်ရည်ဆိုင် ပြောင်းထိုင်ဖြစ်ကြတာ တပတ်ရှိသွားပြီ။ ကျနော့်သူငယ်ချင်း တွေကတော့ ဒီဆိုင်က ပူတယ်ကွာ လို့ အရေပြားတွေက စကားပြောခိုင်းလို့ ပြောရသလိုမျိုး နှစ်နှစ်ကာကာကြီး ပြောကြတာပဲ။ ဟုတ်မှာပါ။ ကျနော့်အတွက်ကတော့ မူလကျနော်တို့ထိုင်နေကျ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်လို့ မကြိုက်တဲ့အချက်တွေက သိပ်များတယ်။ သူတို့ပြောသလို အမိုးနဲ့ အရမ်းနီးနေလို့ ပူတယ်ကွာ ဆိုတာကလည်း တချက်ပေါ့။ ကျနော့်အတွက်တော့ လက်ဖက်ရည်စျေးက မူလ ရိုးရိုးနှစ်ရာ့ငါးဆယ် ရှယ်သုံးရာ့ငါးဆယ်ကနေ၊ ရိုးရိုးလေးရာ၊ ရှယ်ငါးရာ ဖြစ်သွားတဲ့အချက်ကလည်း ဆိုင်ပြောင်းထိုင်ရခြင်းအကြောင်းအရင်းမှာ ရှေ့တန်းကနေပါတယ်။
ဒီနိုင်ငံမှာ လူဖြစ်ရတာ အဖြစ်အပျက်အတော်များများမှာ သိမ်ငယ်စရာချည့်ပဲ။ နိုင်ငံရေးအခြေအနေ တွေမှာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာဘူး။ လူမှုရေးဘ၀မှာလည်း တနေ့တနေ့ ဒေါ့စတိုယက်စကီရဲ့ မြေအောက်မှတ်တမ်းလို စာတအုပ်ရေးထုတ်ရတော့မတတ် မွန်းကျပ်လှပြီ။ ကုန်စျေးနှုန်းတက်တဲ့ ကိစ္စကတော့ အဆိုးဆုံး။ ကမ္ဘာ့မြေလွှာကျောက်ချပ်ကြီးတွေ ရွေ့ရွေ့နေတယ်ဆိုတဲ့ ကိစ္စမျိုးပဲ။ စိတ်အနှောင့်အယှက်ဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ခေတ်ကြီးတခေတ်လုံး လက်ပိုက်လို့သာ ကြည့်နေရတာပဲ။ ဘာပဲပြောပြော လက်ဖက်ရည်စျေးတက်လို့ လက်ဖက်ရည်ဆိုင် ပြောင်းထိုင်လိုက်တာက ရွေးချယ်ခွင့် ရှိသေးသလိုလိုပေါ့။ မင်းတို့စျေးတက်တော့ ငါတို့က မတက်တဲ့ဆိုင် သွားထိုင်မယ်ကွာ လုပ်လို့ရသေးတယ်။ ဒါလည်း ခဏပါပဲ။ နောက်တဆိုင်ကလည်း တချိန်ကျ သူများတွေ တက်တာမြင်တော့ လိုက်တက်မှာပဲ။ ကျနော်တို့အဖွဲ့ ပြောင်းထိုင်လိုက်တဲ့ လက်ဖက်ရည်ဆိုင်ကတော့ လက်ဖက်ရည်ရိုးရိုး မရှိ၊ ဘာမှာမှာ ရှယ်ပဲ။ ဒါပေမယ့် တခွက်လေးရာ။ ဆိုတော့လည်း မဆိုးသေးဘူးပေါ့။ တနေ့ကို နှစ်ခွက်သောက်သူအဖို့ တနေ့ကို နှစ်ရာသက်သာသွားတာပဲ။ တလကို ခြောက်ထောင်။ တနှစ်ဆို ခုနစ်သောင်းနှစ်ထောင်။ ဆယ်နှစ်ဆို ခုနစ်သိန်းနှစ်သောင်း။ နှစ်တရာဆိုရင် ဟိုက်ဂျက်ကားလေးတစီးတော့ ၀ယျနိုငျသှားမယျ။
နောက်တချက်က ကျနော်တို့အဖွဲ့ မူလထိုင်နေကျဆိုင်က စားပွဲထိုးတွေနဲ့ ကျနော် အဆင်မပြေဘူး။ ဆိုင်မှ ပြောင်းမထိုင်တော့ရင် ဖြေရှင်းလို့မရတဲ့ ပြဿနာပဲလို့ ကျနော့်မှာ ခံစားနေရပြီး ၀နျပိလာတယျ။ ကျနော့်အဖြစ်က စာတွေထဲ၊ ကဗျာတွေထဲ နိမ့်ကျတဲ့ လူမှုဘဝတွေကို စာနာ၊ ငှက်ပျောသီးအခွံနွှာရသလောက်များလွယ်ရင် သူတို့အတွက် တော်လှန်ရေးတရပ်တော့ ဆင်နွှဲလိုက်ချင်သေးတယ် ဆိုတဲ့အမြင်နဲ့ ဘ၀ကိုဖြတ်သန်းချင်တာ။ သို့သော်လည်း တခါတခါမှာ ကိုယ့်စံနဲ့ကိုယ် ကိုက်အောင်ကို နေလို့မရတဲ့အချိန်တွေက ရှိလာတတ်တယ်။ စိတ်ထဲမလုံတော့ဘူး။ ကိုယ်ချမှတ်ထားတဲ့စံ ကိုယ်တောင်မလိုက်နာနိုင်ရင် အခြားလူ့အဖွဲ့အစည်းတွေဘာတွေ ပေရှည်မနေနဲ့တော့ပေါ့။
လက်ဖက်ရည်ဆိုင်ကိုလာ မနက်ခင်းမို့ ဗိုက်ကဆာပြီ။ ညစ်ပတ်နေတဲ့ စားပွဲကို ကိုယ့်ဟာကိုယ်ပဲ ဗော်လန်တီယာသဘော တစ်ရှူးနဲ့သုတ်ပြီးထိုင်၊ ရေနွေးကြမ်းအိုးမရှိလို့ ဒီပြင်ဝိုင်းကနေ ကိုယ့်ဘာသာကိုယ် ထယူ။ စားပွဲထိုးက ခေါ်မရ၊ တော်တော်ကြာအောင် ခေါ်မှ ဆောင့်ကြီးအောင့်ကြီးနဲ့ထလာ၊ သူ့ဘ၀တလျှောက်လုံး ဒုက္ခတွေ့လာရသမျှဟာ ကျနော့်အပြစ်လိုလိုနဲ့ ဆက်ဆံတော့၊ ဒေါသကထွက်မိရော။ စိတ်အခန့်မသင့်တော့ ငေါက်ငမ်းမိရော။ ပြီးကာမှ သြော် ငါ အမှားလုပ်မိပြန်ရောလား သူတို့ကို ငါ့အနေနဲ့ ဘာငေါက်စရာလိုသလဲ လို့ နောင်တရရပြန်။ တနေ့တနေ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လက်ဖက်ရည်သွားသွားသောက်နေရင်း အပြန်မှာ အမှားတွေရယ်၀ယ်ပိုက်ပိုက်လာရတော့ ကြာတော့လည်း မပျော်တော့ဘူး။
ကျနော်အနေနဲ့ကတော့ လက်ဖက်ရည်ဆိုတာကို ကျနော်တော်တော်ငယ်သေးတဲ့ တခွက်ခုနစ်ကျပ်ခေတ်ကတည်းက ဆိုင်မှာ ထိုင်သောက်လာခဲ့တာ။ အနည်းဆုံးတကြိမ်ထိုင်ဖူးတဲ့ လက်ဖက်ရည်ဆိုင်ပါထည့်တွက်ရင် တဘ၀လုံး လက်ဖက်ရည်ဆိုင်ပေါင်း ထောင်နဲ့ချီအောင် ထိုင်ဖူးလိမ့်မယ် ထင်တယ်။ ဆိုခဲ့ပါ လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တဲ့ သက်တမ်းမှာ ဒီဆိုင်ကလေးကတော့ ကောင်းလိုက်တာ၊ လက်ဖက်ရည်အရသာရော၊ ဆက်ဆံရေးရော၊ အပေါ့အပါးသွားဖို့ အိမ်သာရော လိုလေးသေးမရှိ ဆိုတာမျိုး မကြုံခဲ့ဖူးဘူးလို့ထင်တယ်။ အခု ကျနော်တို့အဖွဲက ပြောင်းထိုင်လိုက်တဲ့ ဆိုင်ကလည်း သိပ်ကောင်းလှတယ်ရယ်လည်း မဟုတ်ဘူးပေါ့။ ဒါပေမယ့် အရင်ဆိုင်ထက် အပူသက်သာတယ်။ စျေးသက်သာတယ်။ ထိုင်ရတဲ့ ထိုင်ခုံကအစ ပိုပြီး သက်သောင့် သက်သာတော့ ဖြစ်နေသေးတယ်။
လမ်းမှာ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်လို့ အဲဒီလိုလေးတွေတွေးရင်း တရုတ်စာရေးဆရာကြီး လောင်ရှိရဲ့ လက်ဖက်ရည်ဆိုင်ပြဇာတ်ရယ်၊ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်ဆိုင် အက်ဆေးရယ်လို စာတပုဒ်တော့ ရေးဦးမှလို့ တွေးမိတယ်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကျနော့်ဘော်ဒါတွေထဲ တပတ်မှ တခါလောက်သာ ထိုင်လေ့ရှိတဲ့ တကောင်ကလွဲရင် ကျန်တာတရောက်မှမရောက်သေး။ အတွင်းခန်းထဲ ပြတင်းပေါက်ဘေးက ဝိုင်းမှာ မှုန်ကုပ်ကုပ်နဲ့ ထိုင်နေတယ်။ ဟကောင် ပျောက်လှချည်လား မျက်နှာကလဲ အရင်ဆိုင်တုန်းက ကောင်တာမှာထိုင်တဲ့ လင်မရသေးတဲ့ အပျိုကြီးကျနေတာပဲ မင်းနဲ့ ဖြူတာမဲတာသာကွာတယ် လို့ ချစ်စဖွယ်သော ပဋိသန္ဓာရစကားဆိုရင်း ၀ငျထိုငျလိုကျတယျ။ မနောက်စမ်းနဲ့ကွာ ငါ မင်းဆီ သေချာလာတာ လို့ သူပြောရင်း မျက်နှာထားက တမျိုးပြောင်းသွားတယ်။ အဲဒီနောက် ဤစကားကို သူဆက်တယ်။
ဒို့ လေပန်ကာ စကြာကလေးတွေလုပ်ရောင်းတဲ့ အဘိုးကြီးလေ မင့်ငါ ဟိုတခါပြောပါသော်ကော၊ သူ့အကြောင်းစာလုပ်ရေးပါလားဆိုတာလေ။ မနေ့ညက သေသွားပြီကွာ ရထားလာတုန်း အောက်ထဲ ခေါင်း၀င်ထိုးလိုက်တာပဲ။ အဘိုးကြီးကွာ ဘာတွေစိတ်ဖိစီးနေပါလိမ့်လို့တွေးရင်း မနေ့ညက တညလုံး ငါ့မှာ အိပ်မပျော်ဘူး အဲဒါ မင်းကိုပြောချင်လို့ လာစောင့်နေတာ၊ မင်းရေးချင်ရင် သူ့ဘ၀ဇာတ်ကြောင်း ငါပြောပြမယ်လေ တဲ့။
ကျနော်လဲ အတော်စိတ်ပျက်သွားတယ်။ အဘိုးကြီးခမျာ ရထားအောက်ခေါင်း၀င်ထိုးလိုက်တယ် ဆိုတာကြောင့်တကြောင်း၊ ၀မျးနညျးစရာဇာတျလမျးမှနျသမြှ သွားရော့ ပုစွန်ခေါင်းဆီ ဆိုပြီး မေ့မရအောင် မှတ်ဥာဏ်ထဲလာလာစုနေတာကြောင့်တကြောင်း။ ကျနော်တော့ ဒီကောင့်ကို ဘာမှပြန်ပြောမနေတော့ဘဲ ငှဲ့ထားတဲ့ ရေနွေးကြမ်း အေးအောင်ထိုင်စောင့်နေလိုက်တော့တယ်။
ကျနော့်ခေါင်းထဲမှာ ဆယ်ဘ၀စာရေးဖို့ ဇာတ်လမ်းတွေ ရှိနေခဲ့တာကြာပါပြီ။ အသက်ခုနစ်ဆယ်အရွယ်မှာ နှစ်များစွာအတူပေါင်းသင်းနေထိုင်ခဲ့တဲ့ မိန်းမသေသွားတော့ ညစဉ်၊ ညကြီးသန်းခေါင်၊ သမီးနဲ့သမက် မကြားအောင် တိတ်တိတ်ကလေးရှိုက်ရှိုက်ငိုနေတယ်ဆိုတဲ့ အဘိုးကြီးတယောက်အကြောင်း၊ ကလေးတွေကအစ ခေါက်မုန့်မပူဆာတော့တဲ့ ခေတ်ကြီးမှာ တနေ့တနေ့ ရွာနဲ့သုံးမိုင်အကွာက မြို့ထဲကိုလာ လက်ဖက်ရည်ဆိုင်တကာက လူတကာကို ခေါက်မုန့်ကလေး၀ယ်စားပါဦး ငါ့မြေးရယ်လို့ အတင်းလိုက်ရောင်းနေတဲ့ အဘွားကြီးအိုတယောက်အကြောင်း၊ ဖျားနေတဲ့သမီးငယ်လေးအတွက် ဆေးမ၀ယ်ပေးနိုင်လို့ အိမ်ပြန်မလာတော့ဘဲ မြစ်ကူးတံတားပေါ်ကနေ ခုန်ချသွားခဲ့တဲ့ အဖေတယောက်အကြောင်း။ တမျက်နှာကနေ ရှေ့မတိုးနိုင်တော့တဲ့ ထိုထိုသော အဲဒီအကြောင်းများ တခေတ်လုံးအပြည့်။ ကျနော့်အနေနဲ့ ဇာတ်နာအောင် ပလီစိချောက်ချက် လီဆယ်နေဖို့တောင်မလိုဘူး။ ခေတ်ကိုက ဇာတ်နာပြီးသား။
Daily eleven
Comments
Post a Comment