တောင်ပံမပါသော စာအုပ်များ

 

-------------------------------------------- မောင်ကြည်


တစ်ခါတုန်းက အခန်းတစ်ခန်းထဲမှာ စာအုပ်တွေစုပုံပြီး နေထိုင်ခဲ့ကြတယ်။ စာအုပ်တွေကတော့ အရွယ်အစား ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ပေါ့။ ရက်တွေ လတွေကြာလာတော့ အဲဒီအခန်းထဲမှာ စာအုပ်တွေဟာ တဖြည်းဖြည်း ပျင်းရိငြီးငွေ့လာကြတယ်။  ပျင်းဖို့ကောင်းလိုက်တာ  ဆိုပြီး တဝါးဝါးသမ်းကာ ငိုက်မျဉ်းနေကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ဖတ်တဲ့သူမရှိဘဲ အခုလို အကြာကြီးနေရတာ အဓိပ္ပာယ်မဲ့သလို ခံစားနေရလို့တဲ့။ အဲဒီလိုနဲ့ အခန်းထဲက စာအုပ်တွေဟာ စာဖတ်မယ့်သူတွေကို မျှော်ရင်း အချိန်တွေကို ဖြုန်းတီးပစ်နေရတော့တယ်။


တစ်နေ့ တစ်နေ့ မိုးလင်းလာလိုက် မိုးချုပ်လာလိုက်နဲ့ ပျင်းစရာကောင်းတဲ့ အချိန်တွေပဲလို့ စာအုပ်တွေ တွေးနေမိတယ်။ စာအုပ်တွေဟာ အခန်းတစ်ခုတည်းမှာ စုပုံနေထိုင်ရင်း တစ်အုပ်ကို တစ်အုပ်ငေးကြည့်ပြီး အပျင်းဖြေနေရတယ်။ သူတို့ဟာ ဖတ်မယ့်သူ မရှိတော့ နေရာလည်းမရွေ့ အကိုင်အတွယ်လည်း မခံရလို့ ဖုန်အလိမ်းလိမ်း တက်လို့ပေါ့။ သူတို့စာရွက်အသားလေးတွေလည်း တဖြည်းဖြည်း အဝါရောင်သန်းကာ ဖျော့တော့လာခဲ့တယ်။ ကြည့်ရတာ သွေးအားနည်းပြီး အိပ်ရာထဲ လှဲနေရတဲ့ လူတစ်ယောက်လိုပဲ။  ဒီအတိုင်းဆို ငါတို့ တဖြည်းဖြည်းလုံးပါးပါးလိမ့်မယ်   လို့ စာအုပ်ကြီး တစ်အုပ်က ပြောတယ်။  ဟုတ်ပါရဲ့ အခုတောင် ခြကိုက်ခံရတာ တစ်မျိုး၊ ကြွက်အဆွဲခံရတာ တစ်မျိုးနဲ့၊ ဒုက္ခ ရောက်လိုက်တာဗျာ  လို့ စာအုပ်အသေးလေး တစ်အုပ်က ထောက်ခံလိုက်တယ်။ အဲဒီအချိန်မှာ သူတို့ပြောနေတာကို နားထောင်နေတဲ့ စာအုပ်တစ်အုပ်က  ကျုပ်တော့ တစ်၀က်လောက် အစား ခံနေရပြီဗျို့ လို့ မချိတင်ကဲ လှမ်းပြောတယ်။ သူ့ကြည့်တော့ စာရွက်အသား အတော်များများ ဆုတ်ပြတ်သတ်လို့။ သူ့ဘေးနားမှာလည်း စာရွက် အပိုင်းအစတွေ မွစာကြဲလို့။  ခက်တော့တာပဲဗျာ၊ ဘယ်လိုလုပ်ကြမတုန်း  အဲဒီလို ညည်းပြီး သူတို့အချင်းချင်း စိတ်ပျက်လက်ပျက်

ကြည့်လိုက်ကြတယ်။


နေရောင်ဟာ အခန်းထဲကို စူးရဲတောက်ပစွာ ၀ငျလာခဲ့တယျ။ ပြီးတော့ အဲဒီနေရောင်ဟာ ခပ်မှောင်မှောင် ချောင်ထဲက စာအုပ်ပုံပေါ်မှာ ခဏတာ ခိုနားတယ်။ ဖုန်တွေတက်နေတဲ့ စာအုပ်တွေဟာ နေရောင်ကြောင့် ဖုန်ရောင် တလက်လက် ထလို့ပေါ့။ တကယ်တော့ အဲဒီစာအုပ်ပုံဟာ ပင့်ကူအိမ်တွေ အဖွဲ့ခံထားရတဲ့ စာအုပ်ပုံပါ။ နေရောင်ကြောင့် ပင့်ကူအိမ် အမျှင်တန်းလေးတွေကို သိသိသာသာမြင်နေရတယ်။ အဲဒီစာအုပ်ပုံဟာ နေရာမပြောင်းရတာ ကြာပြီမို့လို့ တစ်အုပ်နဲ့ တစ်အုပ် ပိပြားပူးကပ်ပြီး ခွာလို့တောင် ရပါတော့မလား မသိနိုင်တဲ့ အနေအထားပါပဲ။ ဒီအခန်းထဲ စရောက်စကတော့ အဲဒီစာအုပ်ပုံဟာ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွပေါ့။ လူတွေ ဆွဲယူပြီး ကိုင်တွယ်ပွတ်သပ် ဖတ်ကြည့်ရင်ပဲ သူတို့မှာ ကြည်နူးပီတိတွေ ဖြစ်လို့။ တစ်အုပ်နဲ့ တစ်အုပ်လည်း လက်မတစ်ထောင်ထောင်နဲ့  တွေ့လား ငါတို့က ဘယ်လောက် အသုံး၀င်လဲ  ဆိုပြီး ကြွားလိုက်ကြသေးတာ။ နောက်တော့ လူတွေက သူတို့အပုံကို ရှိတယ်လို့တောင် မထင်တော့ဘူး။ အခုဆို သူတို့အသားတွေဟာ လူသားရဲ့ လက်ချောင်းတွေနဲ့ မထိတွေ့ရတာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။ အချိန်တွေ ကြာလာတော့ လမ်း

မလျှောက်ရတဲ့ လူတွေလိုပဲ သူတို့လည်း ချိနဲ့ပြီး အောက်ပိုင်းသေသွားကြတော့တယ်။


 လူတွေ စာမဖတ်ကြတော့ဘူးလား ဗျ  တစ်ခါတော့ အောင့်အည်းမျိုသိပ် မထားနိုင်တဲ့ စာအုပ်ကလေး တစ်အုပ်က အမှောင်ထဲကနေ ထအော်တယ်။  ဖတ်တဲ့လူတွေလည်း ဖတ်ကြပါတယ်  တစ်ထောင့်ကနေ အသံတစ်သံ ထွက်လာတယ်။ ဒါပေမဲ့ အဲဒီအသံက အားမပါဘူး။ မထွက်ချင် ထွက်ချင် ထွက်လာတဲ့ အသံဖြစ်နေတယ်။  စာအုပ်ဆိုင်တွေမှာ ၀ယျတဲ့သူတှေ ရှိတယ်လို့ပြောတယ်။ ပြီးတော့ အသင့်အတင့်ရောင်းနေရတာပဲလို့ ကြားတာပဲ  ဒီအသံကတော့ စာအုပ််ပုံရဲ့ အပေါ်ဆုံးမှာ လေကြောင့် စာရွက်တွေ တဖျပ်ဖျပ်လွင့်နေတဲ့ စာတစ်အုပ်ဆီက ထွက်လာတာပါ။ သူက အဲဒီလိုလည်းပြော သူ့ကိုယ်ပေါ်က စာရွက်ကလေးတွေကိုလည်း တလူလူလွှင့်ပြလိုက်သေးတယ်။ တကယ်တော့ သူက အဲဒီလို နေချင်တာလေ။ သူဟာ ဖတ်ချင်စဖွယ်စာတစ်အုပ်၊ ဖတ်လို့ကောင်းတဲ့ စာတစ်အုပ်ဆိုတာ လူတွေသိအောင် ပြသချင်တာ မဟုတ်လား။ ဒါပေမဲ့ သူ့အနားကို ဘယ်သူမှ မရောက်လာတော့ သူဟာ စာရွက်တွေ လှန်ပြရတာကို စိတ်ကုန်လာတယ်။ တစ်အုပ်နဲ့ တစ်အုပ် အပျင်းပြေ ပြောနေကြတဲ့ စကားဝိုင်းထဲတောင် ၀ငျမပွောတော့ဘဲ တိတ်ဆိတ်သွားတယ်။


 ကျုပ်တော့ ဒီအခန်းထဲမှာ နေရတာထက် တစ်နေရာရာကို ပြောင်းချင်တယ်ဗျာ  ခြကောင်တွေ တရွရွတက်ခံနေရတဲ့ စာအုပ်တစ်အုပ်က လှမ်းပြောတယ်။  နေပါဦး မင်းက ဘယ်ပြောင်းချင်ရတာလဲ  သက်တမ်းရှည် စာအုပ်ဘိုးအေကြီးက စူးစမ်းတဲ့အသံနဲ့ မေးတယ်။  အဘ စဉ်းစားကြည့်လေ။ အခုလို ခြအတက်ခံမယ့်အစား ဖတ်တဲ့သူတွေရှိတဲ့ နေရာကို ပြောင်းတာ ပိုမကောင်းဘူးလား  အတော်ကြာအောင် အခန်းထဲမှာ တိတ်ဆိတ်သွားတယ်။ တရွရွတက်နေတဲ့ ခြတွေရဲ့ ကိုက်ဖဲ့ဝါးသံက လွဲလို့ပေါ့လေ။ အဲဒီနောက် ခြကိုက်ခံနေရတဲ့ စာအုပ်လေးလည်း သူ့စကားကို ဘယ်သူမှ စိတ်၀င်စားဟန်မပြလို့ ဘာမှ ဆက်မပြောတော့ဘူး။ ဒါပေမဲ့ သူ့ဘ၀ဟာ ဒီလိုပဲ တတိတိကိုက်ဝါးခံရရင်း ပြီးဆုံးသွားတော့မှာလားလို့ ဆက်တွေးနေမိတယ်။ တကယ်တော့ သူ့သက်တမ်းက အများကြီးကျန်သေးတာ မဟုတ်လား။ သူ့ကို ကိုင်တွယ်ဖတ်ရှုမယ့်သူ မရှိလို့သာ အချိန်မတိုင်ခင် သေဆုံးသွားရတော့မှာ။  ငါ လူသားတွေကို အများကြီး အကျိုးပြုချင်တယ်။ ဒါပေမဲ့ လူသားတွေဟာ ငါ့ဆီက အသိဉာဏ်တွေ ပညာတွေကို မလိုချင်ကြဘူး။ အဲဒါဆိုရင်တော့ ခြကိုက်ခံပြီး မြန်မြန်သေတာပဲ ကောင်းပါတယ်လေ  သူဟာ ခြစာဖြစ်သွားတဲ့ သူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ငေးကြည့်ပြီး စို့နင့်ကြေကွဲနေရှာတယ်။


 ညကတော့ ကျုပ်အောက်က တစ်အုပ် ကြွက်စာ မိသွားတယ် ဗျ  အဲဒီအသံ ပေါ်ထွက်လာတဲ့ဆီကို သူတို့အားလုံး ပြိုင်တူကြည့်လိုက်ကြတယ်။ ဟုတ်ပါရဲ့။ ကြွက်ကိုက်ထားတဲ့ စာရွက်အပိုင်းအစတွေ ကြမ်းပြင်ပေါ်မှာ မွစာကြဲနေတာပဲ။ တော်တော်ဆိုးတဲ့ ကြွက်တွေ။ ညရောက်ပြီဆို သူတို့အနားကို တိတျတျိတျလေး ရောက်လာတဲ့ အကောင်တွေပေါ့။

ညဉ့်နက်လေ အဲဒီကောင်တွေ ကိုက်လို့ကောင်းလေပဲ။ အိမ်ရှင်တွေအိပ်တာနဲ့ သူတို့က ဒီအခန်းထဲမှာ လမ်း သလားတော့တာပဲ။ ပြီးတော့ ဒီအိမ်မှာရှိတဲ့ ကြောင်ကလည်း ဘယ်ကြွက်မှမခုတ်တဲ့ ငပျင်းဆိုတော့ ဒီကောင်တွေ အကြိုက်ပေါ့။ ဒီအခန်းဟာ ဒီကောင်တွေအတွက် နတ်ဘုံနတ်နန်း ဖြစ်နေချိန်မှာ သူတို့အတွက်တော့ ငရဲခန်းပါပဲ။


 အေးကွာ ငါတို့ အဖြစ်က ကြွက်လည်းကြောက်ရ၊ ခြလည်းကြောက်ရနဲ့။ ဒီလူ့လောက ရောက် လာတာ ဒီကောင်တွေ အစားခံဖို့ သက်သက်လို ဖြစ်နေပြီ  စာအုပ်ဘိုးအေကြီးက အဲဒီလို မှတ်ချက်ချလိုက်တယ်။  ဟုတ်ပ့ါ အဘရယ်။ စာအုပ်ဖြစ်ရှုံးလိုက်တာဗျာ   ဟုတ်တယ် ဒီအခန်းထဲနေရတာ သေမိန့်ကို စောင့်နေရသလိုပဲ  အဲဒီလို တစ်အုပ်ပြီးတစ်အုပ် ပြောကြပြီးတဲ့နောက်မှာ အားလုံးပြိုင်တူ ဟင်းခနဲ သက်ပြင်း ချလိုက်ကြတယ်။


အခုဆိုရင် နေရောင်ဟာ အခန်းထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့ပြီ။ သူတို့အားလုံး အမှောင်ထဲကနေ တစ်အုပ်ကို တစ်အုပ် အပြန်အလှန်ငေးမောရင်း တွေးတောနေကြပုံပါပဲ။ စကားသံတွေ တော်တော်နဲ့ ထွက်ပေါ်မလာကြဘူး။ အခန်းဟာ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ တစ်ခါတစ်ခါ အိမ်မကြီးဘက်ကနေ လွင့်လာတဲ့ နာရီသံတချက် ချက်ကို ကြားရတယ်။ ဘယ်သူမှ ရောက်မလာတဲ့ ဒီအခန်းကနေ သူတို့ နေ့စဉ်နဲ့အမျှ တစ်အုပ်ပြီး တစ်အုပ် ထွက်ခွာသွားကြရတယ်။ သူတို့ရဲ့ ကံကြမ္မာက သူတို့ကို တစ်အုပ်ပြီး တစ်အုပ် ဇီဝိန်ချုပ်စေခဲ့ပြီ မဟုတ်လား။ ဘယ်အရာမဆို ပျက်ချိန်တန်ရင် ပျက်ဆီးရမယ် ဆိုတာ သူတို့လည်း သိနားလည်ခဲ့ပါရဲ့။ ဒါပေမဲ့ ပျက်ချိန်မတန်ခင် အခိုက်အတန့်မှာတော့ သူတို့ဟာ စာအုပ်တွေဆိုတာ သေချာခဲ့ချင်သေးတယ်။ သူတို့ဟာ တစ်စုံတစ်ယောက်အတွက် တန်ဖိုး

ရှိခဲ့ချင်သေးတယ်။ ပြောရရင် လူ့လောကကို ရောက်လာရကျိုးနပ်ချင်တယ်။ စာအုပ်ဖြစ်ခဲ့ရကျိုးနပ်ချင်တယ်။  တောင်ပံတွေပါရင် ကောင်းမယ် နော်  တိတ်ဆိတ်ခြင်းကို အဲဒီအသံက ဖြိုခွင်းလိုက်တယ်။ ချောင်တစ်ချောင်ထဲမှာ လဲနေတဲ့ စာအုပ်တစ်အုပ်ဆီက ထွက်လာတဲ့ အသံ။  ဘာလို့လဲ  အသံတစ်သံက လှမ်းမေးတယ်။  ကျုပ်တို့မှာသာ တောင်ပံတွေပါရင် ကိုယ်သွားချင်တဲ့နေရာ ပျံသွားလို့ရတာပေါ့   မင်းက ဘယ်နေရာကို ပျံသွားချင်တာလဲ   စာဖတ်ချင်လွန်းလို့ စာအုပ်မျှော်နေရတဲ့ နေရာမျိုး၊ စာအုပ်ရှားပါးတဲ့ နေရာမျိုးပေါ့ ဗျာ 


အဲဒီနောက် အခန်းဟာ ပြန်လည်တိတ်ဆိတ်သွားတယ်။ ဒီတစ်ခါတော့ ဘာအသံမှ ပြန်ထွက်မလာအောင် တိတ်ဆိတ်သွားတာပါပဲ။   ။


မောင်ကြည်


Daily Eleven

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------