#ဂီတနက်သန်ကိုစောညိန်းပြောသော ရုပ်နမ်တို့၏မမြဲသောသဘော
************
စံပယ်ဖြူတုံးကာမှ ခင်ဖုန်းသက်ဝေရယ်။ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်။ လှောင်တာလေလားနော်ကွယ်ဖန်လာပုံခုမှ ဆန်းကြယ်။
အချစ်ဖြင့်ဆိတ်သုဉ်း ။ ဆုံးရှုံး ခြောက်ခန်း လောင်ကျွမ်းခဲ့ရ မောင့်ဘဝ အစဉ်ဝယ် ဆက်သွယ်သန္တတိ မမြဲသောရုပ်နမ် ပြောင်းလဲသည့်နှယ် ဖြစ်ပြန် ပျက်ပြန် အချစ်မှန် တရားရယ် မူလွန်းခဲ့သူရယ် ပွင့်ဦးကြွေမှဖြင့်ကွယ်
မပန်စေချင်ရက်တော့တယ် ...
၁၉၅၁ ခုနှစ် မေလ ရှုမဝ မဂ္ဂဇင်းတွင် ဆရာသန်းဆွေက ပွင့်ဦး အမည်နှင့် ဝတ္တုရှည်တစ်ပုဒ် ရေးသားထားခဲ့သည်။
ပွင့်ဦး သီချင်းကို ဂီတနက်သန်အဖွဲ့မှနေ၍
ကိုယ်စောညိန်း ကိုယ်တိုင် သီဆို၍ မြန်မာ့အသံမှလွှင့်သည့်အခါ ထိုသီချင်းကို ဓာတ်ပြားကူးယူထားရန်
ညွန်ကြားရေးဝန် ဦးခင်ဇော်က တယ်လီဖုန်းဖြင့် လှမ်းပြောကြားခဲ့သည်။
မြန်မာ့အသံမှ တာဝန်ရှိသူများက ဓာတ်ပြားကူးယူပြီးသည့်အခါ ဓာတ်ပြား၏ လေဘယ်ကက်ပြားပေါ်၌ဤသီချင်းသည် အနုပညာရသ အမြောက်ဆုံးသောခံစားမှု တေးတစ်ပုဒ်ဖြစ်သည်ဟု ဦးခင်ဇော်ကိုယ်တိုင်အင်္ဂလိပ်လိုရေးသားပြီး လက်မှတ်ထိုးထားခဲ့ပေသည်။
ဂီတနက်သန်ကိုစောညိန်း ရေးသားခဲ့သည့် သီချင်းများတွင် ပွင့်ဦး သီချင်း၏ ကျော်ကြားမှုဂယက်သည်ထိုစဉ်မှစ၍ ယခု နှစ်ပေါင်း ၆၀ ရှိပြီ ဖြစ်သည့်တိုင်ရိုက်ခတ်လျက်ရှိနေဆဲပင်။
မြစ်များ ချောင်းများအတွင်း စီးဆင်းနေသောရေသည်တပြင်တည်းဟု ထင်ရသော်လည်း အမှန်မှာမူခဏတိုင်းစက္ကန့်တိုင်းတွင် တစ်ခုနှင့်တစ်ခု မတူပဲ ပြောင်းလဲနေကြောင်း ။ ပြောင်းလဲနေမှန်းမသိအောင် ဆက်စပ်နေသည့်တရားကို သန္တတိဟု ခေါ်သည့်အကြောင်းကိုစောညိန်းက စာရေးဆရာသန်းဆွေကို ရှင်းပြခဲ့သည်။
မမြဲသောရုပ်နမ် ပြောင်းလဲသည့်အလား ဖြစ်တတ်ပျက်တတ် သော လောကဓံတရားကိုကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်။
ကိုစောညိန်းကို မြင်းခြံမြို့နယ် နွားထိုးကြီးအပိုင် ရွာသာယာ၌ အဖ ဦးမောင်ကြီး - အမိ ဒေါ်တင်တို့မှ
နှောင်းတန်ခူးလဆန်း ၈ ရက် ( အင်္ဂါနေ့ )
၁၉၂၅ ခုနှစ် မတ်လ ၃၁ ရက်တွင် မွေးဖွားခဲ့သည်။
ရန်ကုန်အနောက်ပိုင်း ဦးဘိုးအေး၏ မြန်မာကျောင်းတွင်စာပေသင်ကြားပြီး သတ္တမတန်းအောင်မြင်သည်။သရက်တောကျောင်းတိုက်အတွင်းရှိဦးပရမ၏ တိုင်းရင်းဘာသာကျောင်းမှ ဒသမတန်းအောင်မြင်သည်။
ငယ်ရွယ်စဉ်ကပင် စာပေ ကဗျာနှင့် ဂီတကို ဝါသနာကြီးသည်။ တိုင်းရင်းသားဘာသာ ကျောင်းထွက်ဖြစ်၍မြန်မာစာ တော်သည်။
၁၄ နှစ်သားကပင် လေးလုံးစပ်ကဗျာ။ ဒွေးချိုး။ လေးချိုးရတုများ ရေးတတ်နေပြီ ။ ပန်းချီဝါသနာကြောင့် ပုံတူရှုမျော်ခင်းပုံများ ရေးဆွဲသည်။
ပန်းချီဆရာကြီးများထံ ချဉ်းကပ်၍ နည်းနာနိဿယများခံယူသည်။
ကာတွန်းပြိုင်ပွဲဝင်ကာ ပထမဆုကို(၁၄)နှစ်သားအရွယ်တွင် ရရှိခဲ့သည်။
(၁၂)နှစ်သားခန့်တွင် လက်ဖက်ခြောက်ရောင်းသည့်
သုံးထပ်သား သေတ္တာကလေးကို ဘင်ဂျိုကြိုးတပ်၍တီးရာ လူကြီးများ သဘောကျ၍ တယောပြားတစ်လက်ဝယ်လျက် အားပေးတီးခတ်စေသည်။အတုခိုးနည်းယူသဖြင့် တယော။ဘင်ဂျိုနှင့်မယ်ဒိုလင်များတီးခတ်တတ်သည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည့်အခါ စစ်ဘေးရှောင်ရင်း ခရမ်းတွင် ရေလုပ်သားကြီးဦးငွေစိုး
နှင့်တွေ့သည်။ရေလုပ်ငန်းကူညီလုပ်ကိုင်နေစဉ် ဦးငွေစိုးက တယောမယ်ဒိုလင် သင်ပေးသည်။
ကံငါးပါးထိန်းသောသူဖြစ်သော်လည်း ဂီတပညာတတ်ချင်လွန်းသဖြင့် ဆင်းရဲပင်ပန်းခံကာကြိုးစားသင်ယူသည်။
ကိုစောညိန်းသည် အရက်သေစာ မသောက်တတ်ပါ။ငါး ဖား ပုဇွန်ကိုပင် သတ်လေ့မရှိချေ။
ဂျပန်ခေတ်တွင် တောမှတက်၍ ကြည့်မြင်တိုင်သို့
ပြောင်းလာပြီး ကျပန်းလုပ်ငန်းလုပ်ကိုင်သည်။
သည်လိုနှင့် ဖက်ဆစ်တော်လှန်ရေးပြီးဆုံးသည့်အခါ
လူငယ်များနှင့် ခင်မင်ရင်းနှီးသွားပြီးမြို့မဘုန်းကြွယ်မှတဆင့် ရန်ကုန်ဘဆွေနှင့်ပါ ရင်းနှီးသွားသည်။
( ဘုံဝါဒ )ဦးအောင်စိန်က တည်ထောင်၍ ရန်ကုန်ဘဆွေ ဒါရိုက်တာလုပ်သည့်ပြဇတ်အဖွဲ့တွင်
ကိုစောညိန်းပါဝင်ခဲ့ရသည်။
စန္ဒရားဆရာမှာ ဂီတလုလင်မောင်ကိုကို ဖြစ်သည်။
(ယဉ်ကျေးမှု)ကိုညွန့်ကြည်ကတယောထိုးသည်။
ပြဇတ်အဖွဲ့သည် ဒေးဒရဲမှ ဖျာပုံသို့ကူးကာပါတီရံပုံပွဲပြသည်။ရဲဘော်မြလှိုင်၏ကူညီမှုဖြင့် ရန်ကုန်သို့တက်၍ကပြကြရသည်။
ရန်ကုန်မြို့ဗဟန်းရပ်ရှိ နေသူရိန်ရုံတော်ကြီးသို့ရောက်လာကြရာ အဖွဲ့သား ၅၀ ကျော်ပါဝင်သည်။
စစ်ပြန်ပြဇတ်ကိုကပြခဲ့ရာ နှစ်ရက်သာကပြရသေးစဉ်ရန်ကုန်ပုလိပ်မင်းကြီးက တားမြစ်သဖြင့် လိုက်လံရှင်းရသည်။
မကြိုက်သည့်အခန်းကိုပြင်ပေးပြီးဆက်လက်ကပြသည်။
ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လာရောက်
ကြည့်ရှုခဲ့ပြီး တော်လှန်ရေးရဲဘော်တို့၏ဆင်းရဲဒုက္ခအဖုံဖုံတွေ့ကြုံခံစားရပုံကို တင်ပြသည့်အခန်းကိုကြည့်ရှုကာ ဗိုလ်ချုပ်ကိုယ်တိုင် မျက်ရည်လည်ခဲ့ရသည်ဟုဆိုပါသည်။
ကိုစောညိန်းရေးသားခဲ့သော ရှာဖွေရရှိသမျှ သီချင်း
ပေါင်း ၃၇ ပုဒ် ပါရှိသည်။
ကိုယ်တိုင်သီဆိုအသံလွှင့်ခဲ့သည့် သီချင်းများရှိသကဲ့သို့ ဆရာဦးသုခက သည်ဆောင်းဟေမာန် ဇတ်ကားရိုက်ကူးသည့်အခါ သီချင်းရော ဇတ်ကားပါ ကျော်ကြားထင်ရှားခဲ့သည်။
၁၉၅၀ ပြည့်နှစ် မြန်မာနိုင်ငံစာရေးဆရာအသင်းက
ကြီးမှူး၍ ကာဌေးရုံတွင် နတ်ရှင်နောင်ပြဇတ်ကိုတင်ဆက်ကပြခဲ့သည်။
ကိုစောညိန်း၏ နွေနောင်းဝဿန်နှင့် ရတုဘုရင် သီချင်းနှစ်ပုဒ်ပါဝင်သည်။
မင်းသားလုပ်သော ရွှေညာမောင်က သူကိုယ်တိုင်
ဌာန်ကရိုဏ်းကျအောင် မဆိုနိုင်ဟု ဆိုသဖြင့်
ဆရာသုခ ကိုယ်တိုင် သီဆိုခဲ့သည်။
မြန်မာ့အသံမှလည်းအသံလွှင်ခဲ့သည်ဖြစ်ရာ သီချင်းရေးသူကိုစောညိန်း ။ သီဆိုသူ ဆရာသုခတို့နိုင်ငံကျော်သွားခဲ့ပေသည်။
ထို့နောက်ဓာတ်ပြားသွင်းပြီး မကြာခဏပြန်လွှင့်သည့်အတွက် လူသိများ ကျော်ကြားသည်ထက်ကျော်ကြားခဲ့ရပါသည်။
၁၉၅၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်ညဉ့်က အတော်ရင့်နေပြီ။
ကြည့်မြင်တိုင်ပိတောက်လမ်းထိပ်လဖက်ရည်ဆိုင်တွင်လူကျဲကျဲပါးပါးသာကျန်တော့သည်။
ကိုစောညိန်း၏ညီဖြစ်သူကိုလှဝေက သူငယ်ချင်းတစ်ယောက်ကို စောင့်ရင်း လက်ဖက်ရည်သောက်နေသည်။
ကိုစောညိန်းရောက်လာသဖြင့် ညီအကိုနှစ်ယောက်
ရွှေတိုင်သီရိရုပ်ရှင်ရုံတွင် ရုပ်ရှင်သွားကြည့်ကြ၏။
၁၁ နာရီလောက်တွင် ရုပ်ရှင်ရုံမှအပြန် ကိုလှဝေ၏ဖိနပ်ပျောက်သဖြင့် အုန်းပင်တန်းထိပ်မှ လူတစ်စုနှင့်စကားများပြီး ရန်ဖြစ်ကြသည်။
ကိုလှဝေက စိတ်မြန်သူပီပီ အိမ်သို့ပြန်လာ၍ကုတ်အင်္ကျိကိုချွတ်ကာ သံတုတ်ကိုဆွဲဆင်းသွားသည်။
ညီလေး မင်းဘယ်သွားမလို့လဲ စာကျက်နေသော
ကိုစောညိန်းက လှမ်းမေးတော့ ကိုလှဝေက ဒီနားတင်ပါဟု ပြောပြီး ထွက်သွားလေသည်။
အစ်ကိုကိုစောညိန်းက စိတ်မချ၍လိုက်သွားသည်။
လမ်းထိပ်တွင် ရန်ပွဲဖြစ်နေသည်ကိုဝင်ရောက်ဖျန်ဖြေသည်။
တဖက်မှမြင်းလှည်းသမားများက ကုတ်အင်္ကျိနှင့်လာသော သူသည် ရန်သူပဲဟုယူဆလျက်
ဝိုင်းရိုက်ကြသည်။
ကိုစောညိန်းလဲကျသွားသည်။ညတွင်းချင်းရဲတပ်ဖွဲ့ကားနှင့် ဆေးရုံကြီးသို့ပို့ရ၏။
ပခုံးကဒဏ်ရာကြောင့် အကြောသေကာစကားမပြောနိုင်ဦးခေါင်းကဒဏ်ရာကြောင့် ဦးနှောက်တွင်းသို့သွေးဝင်ကာကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် ဂီတနက်သန်ကိုစောညိန်း၏အသက်သည်(၂၆)နှစ်နှင့် ခုနစ်လ သာရှိပါသေးသည်။
သည်မျှတိုတောင်းလှသည့်ဘဝသက်တမ်းအတွင်း
သူရေးစပ်သီကုံးခဲ့သော သီချငိးများသည်။
ဂီတလောကတွင်စံချိန်မီ မှတ်ကျောက်တင်ခံနိုင်လောက်သည့် သီချင်းများဖြစ်ခဲ့သည်ကို မငြင်းနိုင်။ယခုအချိန်ထိမရိုးနိုင်။ မအီနိုင်။ ဆန်းသစ်မြဲ။ ပြည်သူတို့၏နှလုံးအိမ်အတွင်းစွဲမြဲ ကျန်နေဆဲ ဖြစ်ပါသည်။
တစ်ခေတ်တွင်တစ်ယောက်သာ ထွန်းပေါက်ခဲ့သည့်
ကိုစောညိန်းအား တမ်းတဆဲ။လွမ်းဆွတ်ဆဲပါ။
နှမြောတသဖြစ်ဆဲပါ။
နာမည်နှင့်လိုက်အောင်စောစောငြိမ်းသွားလေသည်လားမပြောတတ်နိုင်။ ။
ခင်မောင်အေး(မန္တလေး)
စာကိုး - ဂီတနက်သန်ကိုစောညိန်း(နန်းညွန့်ဆွေ)
မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်းစာစဉ်။
K.T.O
Favourite News 2011
Comments
Post a Comment