" မီးခြစ်နှင့် လူ "


 _________________ သစ္စာနီ 

 

ကျွန်တော် ဆေးလိပ်သောက်တတ်တာကို စောသည်ဟု ပြောနိုင်သည် ။ သည်တုန်းက စီးကရက် ဆိုတာကလည်း ပေါသေးသည် ။ သည်လိုနှင့် အသောက် များလာသောအခါ စီးကရက်သာမက ဆေးပေါ့လိပ်ကိုပါ တွဲဖက် သောက်ရာက နောက်ဆုံး စီးကရက်စွဲသူအဖြစ် ရောက်ခဲ့ရသည် ။

 


 

ကျွန်တော်သည် ဆူးလေဘုရားလမ်းနှင့် ရုပ်ရှင်ရုံတစ်ဝိုက်ကို ရောက်တိုင်း ဂုဏ်ရုံနှင့် လက်ရွေးစင်ကဖီးတစ်ဝိုက် လမ်းဘေးမှာ ကပ်ရောင်းနေသော တိုလီမိုလီဆိုင်ကလေးများကို ရပ်တန့်ငေးမောနေတတ်သည် ။ ထိုဆိုင်ကလေးများမှာ လိုချင်စဖွယ် နိုင်ငံခြားဖြစ် ပစ္စည်းမျိုးစုံကို ဗန်းကလေးများ ခင်းကျင်း ပြသထားကြသည် ။ ထိုဆိုင်ကလေးများမှာ ဖောင်တိန် ၊ မျက်မှန် ၊ ဒိုင်ယာရီ စာအုပ်ကလေးများ ၊ လျှပ်စစ်သုံး ကလေးကစားစရာ အရုပ်များ ၊ ဘီစကွတ် ၊ မုန့်သေတ္တာ ၊ စားပွဲတင်အလှရုပ် ၊ မီးခြစ်များ ၊ ဂျပန်မပုံ ၊ ပို့စကဒ် ၊ ကင်မရာ ၊ ပြက္ခဒိန် ၊ နိုင်ငံခြားဆေးတချို့မှ စ၍ ၁၆ မီလီမီတာ ရုပ်ရှင်ပြစက်နှင့် စက်ဘီး အထိ ရှိတတ်သည် ။


အခွင့်ကြုံ၍ ထိုဆိုင်ကလေးများရှေ့မှ ဖြတ်လျှောက်ရတိုင်း ခဏ ဖြစ်ဖြစ် ကျွန်တော် ရပ်တန့်ငေးမောကြည့်မိသည် ။ ကျွန်တော် ငေးမောသည်မှာ မီးခြစ်လှလှကလေးများကို ဖြစ်သည် ။ ကျွန်တော့်လို ဆေးလိပ်စွဲသူများမှာ မီးခြစ်ဆောင်ကြရသည် ။ ထို့ကြောင့် ကျွန်တော်သည် လှပသော မီးခြစ်ကလေးများကို တွေ့သောအခါ မြတ်နိုးဖွယ်ရာတစ်ခုလိုပင် တန်ဖိုးထားတတ်သည် ။ ကျွန်တော့်ဆီမှာ အသုံးပြုနေဆဲ မီးခြစ်တစ်လုံးတော့ ရှိပါသည် ။ သို့သော် လက်မ လောက်မှ လက်ဖဝါးလောက်ထိ အရွယ်အစား အမျိုးမျိုး ၊ စိမ်း ၊ ပြာ ၊ ဝါ ၊ နီ အရောင်အသွေး အမျိုးမျိုး ၊ ပစ္စတိုသေနတ်ပုံမှ သင်္ဘောပုံထိ ပုံသဏ္ဌာန်အမျိုးမျိုး ရှိသည့် မီးခြစ်ကလေးများကိုတော့ လိုချင်သည်ပင် ။ သို့သော် ကျွန်တော်သည် မီးခြစ်တစ်ခုမှ နှစ်ခု ၊ သုံးခုထား၍ သုံးစွဲနိုင်လောက်အောင် ပိုလျှံသူ မဟုတ်၍ ထိုတပ်မက်မှုကို ရင်ထဲမှာပင် ချိုးနှိမ်ထားရလေသည် ။


ဒီနေ့လည်း လက်ရွေးစင်ကဖီးရှေ့မှ ဆိုင်တစ်ဆိုင်ဝယ် မဝယ်နိုင်သော် လည်း အာသာပြေ သဘောမျိုးဖြင့် မီးခြစ်လှလှလေးများကို ရပ်တန့် ငေးမော နေစဉ် ပခုံးကို တစ်စုံတစ်ယောက် ပုတ်တာ ခံရ၍ လှည့်ကြည့်လိုက်ရာ ကျောင်းနေဖက်သူငယ်ချင်း တင်မောင်ဦး ဖြစ်နေသည်ကို တွေ့ရလေသည် ။ ကျောင်းနေဖက် သူငယ်ချင်းမှာ ကျွန်တော်နှင့် ကွာခြားလှသူ ဖြစ်၏ ။ အထက်တန်းကျောင်းသားဘဝကပင် ကိုယ်ပိုင်ကားဖြင့် ကျောင်းတက်သူ တင်မောင်ဦး၏ မိဘများမှာ ကြွယ်ဝချမ်းသာသူများ ဖြစ်ကြသည် ။ ကွဲကွာသွားကြသည်မှာ ကြာပြီ ။ ကျောင်းထွက်ပြီးကတည်းက ကိုယ့်လမ်းကိုယ်လျှောက် 

ခဲ့ကြရာ လမ်းချင်း မတူသူ နှစ်ယောက်သားမှာ တွေ့စရာအကြောင်း နည်းပါးသည်နှင့်အမျှ ကင်းကွာခဲ့ရတာ ဓမ္မတာပင် ။ သူ ရောက်လေ့ရောက်ထ ရှိသော ရန်ကုန်ရှိ ဟိုတယ်ကြီးများကို ကျွန်တော်က မရောက်နိုင် ။ အောက်တန်းစာရေး ဘဝဖြင့် တာဝန်ထမ်းဆောင်ရာ ကိန်းဂဏန်းများ ပုံထပ်ထားသည့် နေ့စဉ် ရုံးစားပွဲရှိရာသို့ ပလက်ဖောင်းပေါ်မှ ကျွန်တော် လျှောက်သွားခိုက် တစ်ခါ တစ်ရံဝယ် ဖြတ်သန်းမောင်းနှင်သွားသော ကားဖြူဖြူဝယ် သူ ပါသွားသည်ကို အမှတ်မထင် မြင်ရတတ်သည် ။


 ကဲ... လာဗျာ မတွေ့ရတာ ကြာပြီ ၊ လက်ဖက်ရည်ဆိုင် ထိုင်ရအောင် 


တင်မောင်ဦး၏ ဖိတ်ခေါ်ချက်အရ ကျွန်တော်တို့နှစ်ဦး လက်ရွေးစင် ကဖီးထဲမှာ ထိုင်မိကြသည် ။ တင်မောင်ဦးက တိုက်ပုံအင်္ကျီအိတ်ထဲမှ လက်ကိုင် ပဝါကို ထုတ်ကာ မျက်နှာကို သုတ်နေသည် ။ အမြဲတမ်း အင်းလျားရေပေါ်မှ ရှပ်တိုက်ဖြတ်သန်းလာသည့် လတ်ဆတ်သော လေကို ရှူရှိုက်နေရသောကြောင့်လား မသိ ။ သူ့မျက်နှာမှာ အရွယ်နှင့်စာလျှင် နုပျိုလို့ နေသည် ။ ( သူတို့ခြံနှင့် တိုက်မှာ အင်းလျားလမ်းတွင် ရှိသည် ။) သူ့ နဂိုနေ ဖြူဖျော့ဖျော့မျက်နှာမှာ နေရှိန်ကြောင့် ပန်းနုရောင်ရဲနေပြီး သူ့နဖူးမှာ ချွေးဥတို့ တွဲခိုနေကြ၏ ။ ကျောင်းနေစဉ်မှစ၍ သူသည် နေထိမခံသော ပန်းလေးနှင့် တူနေသည်မှာ မပြောင်းမလဲ ရှိသေးသည် ။


 ကားမပါဘူးလား လို့ ကျွန်တော်က မေးမိသည် ။ သူက ဟူးခနဲ သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး-


 မပါဘူးခင်ဗျ ၊ အဲဒီ ဒုက္ခပေါ့ ။ ကျွန်တော့်ကား ပျက်နေလို့ ပစ္စည်း လိုက်ရှာနေတာ 


သူက ကားပစ္စည်း အမျိုးအမည်တစ်ခုကို ပြောလိုက်သော်လည်း ကျွန်တော် မသိချေ ။ ထိုပစ္စည်းမှာ ဘယ်လောက် အရေးကြီးမှန်း ၊ ဘယ်နေရာ သုံးရမည့် ပစ္စည်းမှန်းလည်း မသိချေ ။  ကိုယ်ပိုင်ကား ဆိုသည်က ကျွန်တော်တို့ နှင့် ဝေးကွာသောအရာသာ ဖြစ်သည် ။ ကျွန်တော်တို့အဖို့ ဇိမ်ခံပစ္စည်းဟု ဆိုသော ထို ကိုရိုလာ ၊ မာစီဒီး ၊ ဖီးယက် ၊ ဗောက်စ်ဝက်ဂွန် စသည့် ကားများမှာ သူတို့အတွက်မူ ဧကန်ပင် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်နေလေသည် ။ သူတို့မှာ တစ်နေရာနှင့် တစ်နေရာကို ကျွန်တော်တို့လို ခြေဖြင့် သွားသူများ မဟုတ်ချေ ။ ဖင်ဖြင့် သွားသူများ ဖြစ်သည် ။


 ရှားပါးလိုက်တဲ့ ပစ္စည်းဗျာ ၊ ပေါက်ဈေး သုံးထောင့်ငါးရာ ရှိတယ်တဲ့ ။ ကြိုက်ဈေး ပေးမယ် ဆိုပေမယ့်လည်း ဈေးစကားပဲ ရှိတယ် ။ ပစ္စည်းက ရှာမရဘူး ။ မနက်ကတည်းက တက္ကစီတစ်စီး ငှားပြီး ရှာနေတာ ။ မောင်ခိုင်လမ်းနဲ့ သိမ်ကြီးဈေးတစ်ဝိုက်လည်း နှံ့နေပြီ ။ မြေနီကုန်းဘက်လည်း ရောက်ခဲ့ ပြီးပြီ ။ ဘယ်မှာမှ ရှာမရဘူး ။ ကားက နောက်ဆုံးပေါ် ဆိုတော့ အပိုပစ္စည်းက မြန်မာပြည်ထဲကို သိပ်မရောက်သေးဘူးတဲ့ 


သူ့မျက်နှာမှာ စိတ်အိုက်ပင်ပန်းဟန် ပေါ်နေသည် ။ သူ့ကား ထိုသို့ ပျက်နေသည်မှာ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ကျိုးပဲ့နေတာပဲဟု သူ ထင်မည် ။ ဟုတ်သည် ။ အင်းလျားကန် ဟိုတယ်မှာ စိမ်းလဲ့ပြာသော ရေပြင်ထဲက လကို ငေးကြည့်ရင်း ညအခါ ဘီယာသွားသောက်ဖို့ရာ မခက်လား ။ ရုပ်ရှင်ကြည့်လိုတဲ့အခါ သမ္မတရုပ်ရှင်ရုံကို ဘာနဲ့သွားရမည်နည်း ။ သူက ကျွန်တော့်ရှေ့မှာ ညည်းညူနေသည် ။


 ကျွန်တော်တို့အဖို့ ကားက မရှိရင် မဖြစ်ဘူးဗျ 

 


 

ဈေးထိပ်မှာ ဖိနပ်ထွက်ဝယ်ရင်း သူနှင့် တွေ့သည် ။ သူ ဆိုသည်မှာ ထုံးစံအတိုင်းပင် ဒူးဆစ်ရောက်အောင် အကွက်မပေါ်သော လုံချည်တို ဝတ်ထားကာ အပေါ်ပိုင်း ဗလာနှင့် မောင်ကျင် ဖြစ်သည် ။ မောင်ကျင်သည် ကျွန်တော်တို့ ရပ်ကွက်ဈေးမှာ ငါးစည်ထမ်း ၊ ကုန်စိမ်းခြင်းထမ်း ကူလီကလေး ဖြစ်၍ ဈေးအနီး ဆိုက္ကားဂိတ်နှင့် အမှိုက်ပုံကြားမှာပင် ကျူးကျော်တဲကလေး ထိုး၍ နေလေသည် ။ တဲဟုသာ ဆိုလိုက်ရသော်လည်း သူ့လို ဘဝတူ အလုပ်သမား မိသားစုနှင့် နှစ်ဦးစပ်တူ စုပေါင်းနေထိုင်ကြသော ထိုယိုင်တိယိုင်တိုင်လေးမှာ ကန့်ကွက်မည့်သူ ရှိက တဲဟုပင် မသုံးစွဲနိုင်ချေ ။ အမြဲတစေ အမိုးကုပ်ကုပ် လှောင်အိုက် မည်းမှောင်နေသော ထိုတဲကလေးမှာ အမှိုက်ပုံမှ အနံ့အသက် ပေါင်းစုံဖြင့် မွှန်ထူနေပေမည် ။


 အစ်ကို ၊ ဘာလာဝယ်တာလဲ 

သူက ပြုံး၍ နှုတ်ဆက်သည် ။ ကျွန်တော်က လက်ထဲက စက္ကူအိတ် ကို မြှောက်ပြရင်း -


 ဖိနပ်လေ ၊ ဖိနပ်ဈေးတွေကလည်း တစ်နေ့တခြား ကြီးလာလိုက်တာကွာ ။ အခု မန္တလေးဖိနပ် ခပ်ညံ့ညံ့တောင် သုံးဆယ့်ငါးကျပ် ပေးခဲ့ရတယ် ။ မဝယ်မဖြစ်တော့လည်း ဝယ်ရတာပဲဟေ့ 


သူက ပြုံးနေသည် ။ ကျွန်တော်၏  မဝယ်မဖြစ်  ဆိုသော စကားကို ပြုံးချင်၍ ဖြစ်မည် ။ ဟုတ်သည် ။ သူ့ခြေထောက်များက ဖိနပ်မပါ ။ နွေ  မိုး ဆောင်း သူ့ကို ဘယ်သောအခါမှ ဖိနပ်စီးလျက် မတွေ့ရ ။ အခုလို ပူလွန်း၍ အရည်ပျော်လုနေသော ကတ္တရာလမ်းပေါ်မှာပင် ဖိနပ်စီးလျက် မတွေ့ရ ။ အလေ့အကျင့်ပဲဖြစ်မည် ထင်၏ ။ သူသည် မွေးလာကတည်းက ဖိနပ်စီးလာဟန် မတူချေ ။ ဖိနပ် ဆိုသည်မှာ သူတို့အတွက် အပိုဇိမ်ခံပစ္စည်းတစ်မျိုးသာ ဖြစ်သည် ။ သူက ဒါကြောင့် ကျွန်တော့်စကားကို ပြုံးချင်တာပဲ ။ သူ့ခြေဖဝါးမှာ ကျွဲရေလိုပင် မာကျောကြမ်းထော်နေပြီး အပူ အအေးသာမက ဆူးပုလင်းကွဲ စသည်တို့ကိုလည်း ဖြုံမည့်ဟန် မရှိချေ ။ 


ထိုအခါ ကျွန်တော်သည် တင်မောင်ဦးတို့ ဖိနပ်စီးတတ်တာကို မြင်ယောင်လာသည် ။ ကျောင်းနေစဉ်တစ်ခါက တင်မောင်ဦး ခေါ်၍ သူတို့အိမ်ကို အလည်လိုက်သွားဖူးသည် ။ ထိုအခါ အံ့သြဖွယ်ကောင်းအောင် တင်မောင်ဦး တို့ ဖိနပ်စီးတတ်ပုံကို မြင်ရသည် ။ တင်မောင်ဦးသည် ကားပေါ် တက်လိုက်သည်နှင့် အပြင်မှာစီးသော ဖိနပ်ကို ချွတ်ကာ ကားပေါ်မှာ အသင့်ထားသော ကားပေါ်စီး ဖိနပ်ကို ပြောင်းစီးလိုက်သည် ။ တိုက်ထဲကို ဝင်သောအခါမှာလည်း အပြင်မှာစီးသော ဖိနပ်ကို ချွတ်ကာ အိမ်ထဲမှာ စီးသော ဖိနပ်ကို ပြောင်းစီးတာ တွေ့ရသည် ။ ( အမှန်ဆိုမူ ဖိတ်ဖိတ်တောက်နေသော ကြမ်းပြင်ပေါ်မှာ နူးညံ့ လှပသော ခန်းလုံးပြည့် ကော်ဇောခင်းထားသဖြင့် ဖိနပ်စီးရန် မလိုအပ်ချေ ။) အိမ်သာထဲ ဝင်လျှင် စီးဖို့၊ ရေချိုးရင်းစီးဖို့ ထားသော ဖိနပ်များကိုလည်း တွေ့ရသည် ။ 


အပေါ်ထပ်ကို တက်မည်ပြုသောအခါ အောက်ထပ်မှာ စီးသော ဖိနပ်ကို အပေါ်ထပ်မှာ စီးသောဖိနပ်ဖြင့် လှေကားရင်းမှာ လဲစီးရပြန်သည် ။ နောက်ဆုံး အိပ်ရာဝင်သောအခါ၌ပင် ခုတင်ပေါ်မှာ အဝတ်ဖိနပ်ကို စီးအိပ်ကြသည် ဆို၏ ။ ထို့ကြောင့် သူတို့ခြေဖဝါးလေးများသည် သွေးရောင်လျှမ်းကာ နူးညံ့ပျော့ဖပ်နေကြသည် ။ ပန်းလေးတစ်ပွင့်ကို နင်းမိမယ် ဆိုရင်တောင် ထိုခြေဖဝါးတို့က နာကျင်နေလိမ့်ဦးမလား မသိ ။


အခု ဖိနပ် ဆိုတာကို ဇိမ်ခံပစ္စည်းလို သဘောထားသော မောင်ကျင် ကတော့ ဖိနပ် ထည့်ထားသော ကျွန်တော့်လက်ထဲက အိတ်ကို ကြည့်ကာ ပြုံးလို့သာနေသည် ။ 


သူ့မျက်လုံးထဲမှာ ပုစ္ဆာတချို့ကို ကျွန်တော် တွေ့ရသည် ။ သုံးဆယ့်ငါးကျပ် ဆိုသော ဖိနပ်တစ်ရန်ဖိုးသည် ငစိန်ဆန်သာ ဝယ်လျှင် ဘယ်နှပြည် ရမည် ။ ငါးပိရည်ကျိုသာ ဆိုလျှင် ဘယ်နှနပ် ထမင်းနှင့် စားနိုင်မည်ဟု တွက်ချက်နေဟန် တူသည် ။ ကျွန်တော်က မလုံမလဲနှင့် ခုခံကာကွယ်သော စကားကို ဆိုလိုက်သည် ။


 တို့အဖို့ ဖိနပ်က မရှိရင် မဖြစ်ဘူးကွ 


ဆေးလိပ်သောက်တတ်သူ ၊ ဆေးလိပ်ကို စွဲလမ်းသူ ၊ ဆေးလိပ်ကို တပ်မက်သူ ဖြစ်လာသောအခါ ကျွန်တော်သည် ဆေးလိပ်နှင့် ပတ်သက်သော ကိုယ်စိတ်ဒုက္ခကို ခံစားရတော့သည် ။ ကျွန်တော့်၌ အင်္ကျီလုံချည်အကောင်းဟူ၍ မရှိ ။ ရှိသမျှ အင်္ကျီလုံချည်များမှာ မီးပေါက်ရာ ဗရပွနှင့် ဖြစ်သည် ။ လက်ခုံ ၊ ပေါင် ၊ ခြေထောက် ၊ ရင်ဘတ်တို့မှာလည်း မီးပွားကျ၍ဖြစ်သော မီးလောင် ဘုလေးများနှင့် ကင်းသည့်အခါဟူ၍ မရှိ ။ ဆေးလိပ်သောက်လွန်းသောအခါ ချောင်းတဟွပ်ဟွပ် ဆိုးကာ ချွဲထသည် ။ အမြဲတမ်း ခေါင်းအုံကာ မူးရီ၍ မောနေတတ်သည် ။  ကြာသော် ဆေးလိပ်က ကိုယ့်ကို လွှမ်းမိုးအနိုင်ယူကာ မိုးလင်းမှ မိုးချုပ်တိုင် မသောက်ချင်လည်း သောက် ၊ သောက်ချင်လည်း သောက် ၊ ပါးစပ်နှင့် ဆေးလိပ်ပြတ်လျှင် မဖြစ်တော့သော ဆေးလိပ်ကျွန်ဘဝကို ရောက်လာလေသည် ။ သည်လိုနှင့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကာ ၁၅ နှစ်ကြာမျှ စွဲမြဲခဲ့သော ဆေးလိပ်ကို ကျွန်တော် ဖြတ်လိုက်သည် ။ ယခုအခါ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်သည်မှာ ငါးနှစ်ခန့်ပင် ရှိချေပြီ ။


ကျွန်တော်လည်း မကြာခဏပင် ဆူးလေလမ်းပေါ်ကို ရောက်သေးသည် ။ ရောက်တိုင်း ထိုနေရာတစ်ဝိုက်ရှိ တိုလီမိုလီ နိုင်ငံခြားပစ္စည်းရောင်းသော ဆိုင်ကလေးများရှေ့မှ ဖြတ်သန်း လျှောက်သွားစမြဲ ဖြစ်သည် ။ သို့သော် ယခင်ကလို ရပ်တန့်ငေးမောမနေတော့ ။ အခုအခါ ကျွန်တော်သည် ဆေးလိပ် သောက်သူ မဟုတ်တော့ချေ ။

ထို့ကြောင့် မီးခြစ်လှလှလေးများကိုလည်း မလိုတော့ချေ ။

 


သစ္စာနီ


( ဒဂုန် ၊ ၁၉၈၆ ၊ မေလ )



Credit

မောင်ရေချမ်း ( ခရမ်းပြာ) 



Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------