စာမရေးတဲ့ လူ၊ စာမဖတ်တဲ့လူ
------------------------ မြင့်သန်း
မြန်မာပြည်မှာ လူဦးရေ တက်လာတယ်။ များလာတယ်ပဲ၊ ဆိုပါတော့။ များလာတယ်ဆိုတာက၊ အလျင် နှစ်သုံးဆယ်လောက်ကနဲ့ယှဉ်ရင်။ ဒါပေတဲ့၊ စာအုပ်ထုတ်ဝေရေးမှာ၊ ဝယ်ယူဖတ်ရှုတဲ့ အုပ်ရေ နည်းသွားတယ်ဆိုတာ၊ သိရ၊ ကြားရတယ်။ ဟိုစဉ်က၊ သွားလေသူ စာရေးဆရာကြီး (ဦး)အောင်သင်း ပြောဖူးတဲ့၊ ရန်ကုန်ပတ်လည်၊ အုပ်ရှစ်ဆယ်.၊ အနေအထားမှာ။ တချို့ကတော့၊ ကျေနပ်စရာကောင်းတဲ့ အမြင်တစ်ခုနဲ့ ပြောတယ်။ စာအုပ်ထုတ်ဝေရေးမှာ အုပ်ရေနည်းသွားပေတဲ့၊ စာပေထုတ်ဝေရေးတွေ များလာတယ်တဲ့။ စာစုံ ဖတ်လာရသတဲ့။ ဒါလည်း ဟုတ်တာပဲ။ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေများလာတာ၊ တွင် ကျယ်လာတာဟာ တကယ်တော့၊ ဝမ်းသာစရာပဲ။ ဒီလိုဖြစ်လာဖို့က၊ နိုင်ငံခြားက စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီး၊ စာပေပွဲတော်လုပ်လို့ ဖြစ်တာပဲရယ်လို့၊ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရင်ပတ်ကော့ ပြောသံတွေလည်း၊ ကြားရတယ် (လူဖြူတွေက၊ မြန်မာစာကို ဒီလိုရေးရတယ်၊ ဒီလိုဖတ်ရတယ်လို့၊ ပြောတာ၊ ဆုံးမတာကို သာယာတတ်ကြတာကတော့၊ သိပ်မဆန်းလှဘူး။ ကိုလိုနီရဲ့ စနစ်တကျပြုမူခဲ့တဲ့၊ အပြုအမူတစ်ခု။ လူဖြူကို ရိုသေစရာလို့ ထင်နေတာဟာ၊ မြန်မာတွေရဲ့ ခေါင်းထဲမျာ သံမှိုစွဲထားသလိုပဲ။ ခုခေတ်တော့၊ ပိုပြီးဆိုးလာတာက လူဖြူမှ မဟုတ်တော့ဘူး)။ တကယ်တော့ ကျွန်တော့လို အချိန်ကလေး ရကာမှ၊ စာတစ်ပုဒ်စ နှစ်ပုဒ်စ ရေးနိုင်တဲ့လူ.၊ လမ်းပေါ်က လူတစ်ယောက်အနေနဲ့၊ ဝင်ပြောဖို့တော့ မသင့်လှဘူး။ မသင့်တာက၊ တစ်ပိုင်း။ ရေးချင်တာက၊ တစ်ခြားတစ်ပိုင်း။ မတတ်နိုင်ဘူး။ ဒီကောင်၊ အလကားဝင်ပြီး လူပါးဝပြတာပဲ ထင်ရင်တော့လည်း၊ ဆက်မဖတ်ပါနဲ့။ မနေနိုင်လို့ ဖတ်ပြီး၊ ဆဲချင်ရင်တော့လည်း၊ ကျွန်တော့်အပြစ် မဟုတ်ဘူး။
လူတွေ၊ စာ သိပ်မဖတ်ကြဘူးဆိုတဲ့ ကိစ္စမှာ၊ စာရေးတဲ့လူတွေဖက်က အပြစ်အထိုက် အလျောက်ရှိတယ်လို့၊ ကျွန်တော်မြင်တယ်။ ဒါက စာရေးဆရာဆိုတဲ့ လူအတော်များများဟာ စာရေးခြင်းမှာ၊ အာရုံစိုက်ရာက တခြားဖက်မှာ အာရုံစိုက်စရာတွေများလာလို့ပဲ။ အားထုတ်ဖြည့်စွမ်းတဲ့ ပင်ကိုယ်အပြုအမူမှာ လျော့ပါးလာကြလို့၊ ပဲ။ နိုင်ငံရေး အခြေခံလွတ်လပ်မှု အထိုက် အလျောက် ရလာပြီး၊ ဒီမိုကရေစီဆိုတာကို ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ်လာကြချိန်မှာ၊ စာရေးဆရာတွေ၊ ကဗျာ ဆရာတွေ (အထူးသဖြင့်၊ လူကြီးပိုင်း၊ ခေါက်ရိုးကျိုး၊ သိက္ခာတော်ရကြီး၊ အများစု)ဆီက၊ ဒီမိုကရေစီတို့၊ တိုင်းပြည်အုပ်ချုပ်နည်းတို့၊ (စုံလို့ပဲ) ကြားလာရတာ။ စာအုပ်တွေ ထွက်လာတယ်။ နောင် အစိုးရတစ်ခုခုအဖြစ် တက်မယ့် လူတွေက ဖတ်မိခဲ့ရင်၊ ငါ့ကိုတော့ဖြင့် နိုင်ငံတော် အကြံပေးအရာရှိကြီး ခန့်လေမလား။ နိုင်ငံတော် ပန်ဒစ်ကြီးအဖြစ်ပဲ၊ သတ်မှတ်လေမလားလို့လည်း တွေးရင်း၊ လှမ်းပြီး မျက်စပစ်ထားကြပုံပဲ။ တွေးတာလည်း တွေးသင့်တာပဲ။ မတ်ဖတီဝတ် စစ်အစိုးရရဲ့ အကြံပေးဆိုတာကလည်း၊ အရပ်သူအရပ်သားတွေရဲ့ မျက်စေ့ရှေ့တင်ပဲ။ အိမ်က မိန်းမချင်း သိလို့၊ အကြံပေးအရာရှိ ဖြစ်လာတဲ့လူတွေလည်း ပါတယ်တဲ့ (ကြားဖြတ် ရေးရရင်တော့၊ မတ်ဖတီဝတ် စစ်အစိုးရရဲ့ အကြံပေးအရာရှိတွေ ဘယ်လောက် ကောင်းမှန်းတော့ မသိဘူး။ ဘယ်လိုမျှ တိုင်းပြည်အုပ်ချုပ်ရေးကို လက်လွှတ်ပေးစရာ မလိုတဲ့ အခြေအနေကနေ၊ လက်လွှတ်ပေးလိုက်ရတယ် ဆိုတာကိုက အစိုးရကို အကြံပေးနေတယ်ဆိုသူတွေရဲ့ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ မဟာဗျူဟာ မှားနေလို့ပဲဆိုတာ၊ ဗျူဟာလေ့လာ သူတိုင်း သိနေကြတယ်။ ဒါက၊ တစ်ပိုင်း။)။
ခက်နေတာ တစ်ခုက၊ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ရေးနေတိုင်းလည်း၊ လူတိုင်းကတော့ အထင်ကြီးမလာဘူး။ အလကားပဲတင်း တွေလောက်ပဲ၊ အထင်ကြီးမယ်။ ဥပမာ၊ ဆေးပညာမှာ ကျွမ်းကျင်နှံ့စပ်မှုမရှိပဲ ဆေးပညာအကြောင်း ရေးတာမျိုး။ ပညာရေးဖက်မှာ ပြောစရာဖြစ်လောက်အောင် ဘာတစ်ခုမှမျှ မလုပ်ကိုင်ဖူးခဲ့ပဲ၊ ပညာရေးစနစ်ကို ဝေဖန်ပြတာမျိုး၊ တွေ။ အလကားပဲ။ ဇီးဖြူသီးကို ဆန်ကောထဲထည့် လှိမ့်သလို၊ လုံးလည်ချာလည် လိုက်နေတာက လွဲလို့ ဘာမျှမဖြစ်ဘူး။ စာရေးဆရာက၊ ကဗျာဆရာက ရေးပြတဲ့ ဒီမိုကရေစီစနစ်ကြီး အကြောင်းကို ဖတ်ပြီး၊ ဘယ်သူကမျှလည်း သိပ်အထင်ကြီးကြမယ်၊ ချီးကျူးကြမယ် မဟုတ်ဘူး။ ဖန်တီးစာ မဟုတ်တဲ့ အရေးအသားတွေ၊ ပညာရပ်အခြေခံ အရေးအသားတွေမှာ အသိ အမှတ်ပြုခံ ရေးစွမ်းနိုင်စွမ်းရည် (Authority ကိုဆိုလိုတာ) ဆိုတာ၊ လိုအပ်နေလို့။ ကျွန်တော်၊ တစ်ခါက ရေးဖူးခဲ့သလိုပဲ။ နှလုံးအထူးကု ဆရာဝန်ကြီးက ရေးတဲ့ မုန့်ဟင်းခါးချက်နည်း စာအုပ်ကတော့၊ အလကားပဲ။
ဆိုလိုရင်းကို ပြန်သွားရရင်၊ စာရေးဆရာကြီးတွေနဲ့ ကဗျာဆရာကြီး တွေဟာ သူတို့နိုင်တဲ့အလုပ်ကို သူတို့မလုပ်ကြတော့ဘူး။ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်လေမလားဆိုတဲ့ နိုးတစ်ဝက် နေ့ခင်းအိမ်မက်မှာ၊ သာယာသွားကြကုန်တယ်။ ဒီမိုကရေစီဆိုတဲ့ အနောက်က မျောက်ပြဆန်တောင်း စီမံကိန်းအရ ပျိုးထောင်ထားမှုအတွင်းထဲကို အကုန်လုံး လျှောကနဲ့၊ ဝင်ကုန်ကြတယ်။ တကယ်တော့၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းဆိုတာက အဲဒီလောက် လွယ်လှမယ် မထင်ဘူး။ နိုင်ငံရေးအရ ပြုမူခြင်းတိုင်းမှာ လှည့်ဖြားခြင်းဆိုတာက၊ ရှိနေတာပဲ။ စာရေးရမယ့်လူက သူပိုင်တဲ့ အရေးအသားအရ အားထုတ်ခြင်းမပြုနိုင်တဲ့အခါ၊ (တကယ်တော့..) သူလုပ်နိုင်တဲ့ အပိုင်းက (တိုင်းပြည်ရဲ့ အကျိုးစီးပွား ခေါ်ခေါ်၊ ဘာခေါ်ခေါ်။ ခေါ်ချင်ရာ ခေါ်) ဆုံးရှုံးသွားတာပဲ။ သူ့ပရိတ်သတ်နဲ့လည်း ကင်းကွာသွားတာပဲ။
တစ်ချိန်တည်းမှာပဲ၊ စာရေးဆရာ၊ ကဗျာဆရာတွေဟာ အရေးကနေ၊ အပြောဖက်ကို ရင်ဘတ်ကော့ပြီး၊ ချီတက်သွားကြတဲ့ ကိစ္စက ရှိနေပြန်သေးတယ်။ စာရေးဆရာတွေ ကွက်စိပ်ဖက်ကို ပြောင်းသွားကြတဲ့၊ ကိစ္စ။ ဒီကိစ္စကလည်း၊ တစ်ဖက်သက် အပြစ်တင်လို့ မဖြစ်နိုင်တာတွေ ရှိနေပြန်တယ်။ စာရေးဆရာတွေ၊ ကဗျာဆရာတွေ ဟာဝါးပန်းရာမှာ အရသာ တွေ့လာကြတာဟာ သိပ်တော့၊ မဆန်း။ ဘယ်သူကမျှ ခေါ်မဟောခိုင်းလည်း၊ လက်ဖက်ရည်ဆိုင်မှာ ဟားဝါးပန်းနေကျ။ ဟောပြောပွဲတွေ လိုက်ရတော့၊ တရားသော အရသာတွေ့မှုတစ်ရပ် ထပ်ရတာပဲ။ ရင်းနှီးတဲ့ စာရေးဆရာကြီးတစ်ယောက်က ပြောဖူးတယ်။ တစ်ပုဒ်ရေးရင်၊ တစ်သောင်းရတယ်။ တစ်ညဟောရင် တစ်သိန်းရတယ်။ ဒီပြင် ထမင်းကျွေးတယ်။ ဝီစကီတိုက်တယ်။ အကြောင်း သင့်ရင် ပုဆိုးချောတစ်ထည်တောင် ရလိုက်သေး၊ သတဲ့။ ဒီတော့ စာရေးခြင်းနဲ့ အသက်မွေဝမ်းကျောင်းရတဲ့ လူတစ်ယောက်ရဲ့ အနေအထားကနေ ကြည့်ရင် တရားသောအပြုအမှု တစ်ရပ်ပဲ။ တိုင်းပြည်ပိုက်ဆံ ခိုးတာ မဟုတ်ဘူး။ အာဏာကို သုံးစွဲပြီး လူတွေကို နားရင်းရိုက်တာ မဟုတ်ဘူး။ ဒီလို-လူမှန်ရင် နားရင်းရိုက်စရာ တိုင်းပြည်ဘဏ္ဍာ ငါ့ဘဏ္ဍာရယ်လို့ သဘောထားလာတဲ့ လူတွေ-တောင်၊ ခုနေခါ ရွှေဖလားရောင် ပုဆိုးကလေး ဝတ်ပြီး လူ့အဖွဲ့အစည်းထဲ မြောက်ကြွ မြောက်ကြွ လုပ်ပြရင်း သူတော်စင်ရယ်လို့ ကိုယ့်ကိုယ်ကိုယ် သဘောထားနေနိုင်မှတော့ စာရေးဆရာက တစ်ညလိုက်ဟောလို့ တစ်သိန်းလောက်ကလေး ရတာဟာ ဘာမျှ အပြစ်ပြောနေစရာမျှ မရှိဘူး (ဒါနဲ့တောင် စာရေးဆရာကြီးတချို့က ကျေနပ်ပုံမရဘူး။ ငါတို့ရတဲ့ ညကြေးက ဟိုဟာမကလေးတွေရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး၊ တဲ့။ မိုက်ပါ့။)။
ဟောတယ် ပြောတယ်ဆိုတာကလည်း လွယ်မှ မလွယ်ပဲ။ ကံ-ကံ၏ အကျိုးတရားကို ယုံတဲ့အရပ်မှာတော့ ဟောတတ် ပြောတတ်တယ်ဆိုတာက မွေးရာပါ တစ်ခု (မွေးရာပါတစ်ခုလို့ ပြောရတာက တခြား မပါမဖြစ် ပါနေရတဲ့ မွေးရာပါတွေ ရှိနေသေးလို့)။ ပိုမို ဖွံ့ဖြိုးတိုးတက်လို့ရတယ်။ မြန်မာပြည်က စာရေးဆရာတွေမှာကတော့ ဟောတတ်ပြောတတ်တဲ့ မွေးရာပါ အပိုပစ္စည်းတစ်ခု ပါလာတဲ့ စာရေးဆရာတွေက၊ (ခုနေတော့) ပိုပြီးဟန်ကျတယ်။ လက်ခုပ်သံတွေ ကြားရတယ်။ ချီးကျုးထောပနာပြုသံတွေဟာ အထက်ဘဝဂ်ထိ မရောက်တောင် နသယ်စပ်ထိတော့ ရောက်တယ်။ တစ်ခါက ဆရာဝန်မကြီးတစ်ယောက် ပြောပြတယ်။ ဒီဆရာဝန်မကြီးက ပိုက်ဆံရှာနေရတော့ စာဖတ်ဖို့ အချိန်မရှိရှာဘူး။ သွားရင်းလာရင်း ဂျာနယ်ကလေး ဘာလေးလောက်တော့ ဖတ်ဖူးတယ်။ သူ့မိတ်ဆွေတစ်ယောက်က ခေါ်တာနဲ့ စာပေဟောပြောပွဲ ဆိုတာကို လိုက်သွားတာ။ စာပေဟော ပြောပွဲရဲ့ အတွေ့အကြုံကို သူက ဒီလိုပြောတယ်။ ကျွန်မဖြင့် အံ့ရော။ စာရေးဆရာ ဆိုပေတဲ့ အပြောကလည်း ကောင်းလိုက်ကြတာ။ ရယ်လည်း ရယ်ရတယ်။ တစ်ယောက်ကများဆို အဟဲကလေးနဲ့။ ကျွန်မတို့ မသိသေးတာတွေလည်း အများကြီးကြားရတယ်။ နောင်ဆိုရင်တော့ အဲဒီလိုမျိုးတွေ ရှိရင် သွားနားထောင်ဦးမှ။ ဒီအချိန်ဆို ကျွန်မက အိပ်နေကျ။ ခုတော့ တချက်မှတောင် မသမ်းဘူး၊ တဲ့။ ဘယ်သူတွေ ဟောတာတုံး လို့မေးတော့ ၊ အယ်၊ ကျွန်မတော့ မှတ်မထားလိုက်မိဘူး။ စာရေးဆရာ ဆိုတော့လည်း စာရေးဆရာပဲပေါ့၊ တဲ့။ ကိုင်း။ ဘယ်လောက်ဝမ်းမြောက်စရာ ကောင်းသလဲလို့။
စာရေးဆရာတွေ အဟောအပြော ကောင်းတာဟာ ဘာမျှ အပြစ်တင်စရာ မရှိဘူး။ ရယ်သွမ်းသွေးနေစရာ မလိုဘူး။ ပြဿနာက ဟာဝါးများများပန်းလာတဲ့အတွက် စကားလုံးတွေအရ ပေါကြွယ်လာသလို စာလုံးတွေဟာ လျော့ပါးလာတာပဲ။ စာရေ းဆရာတွေဟာ ဘာသာစကားကို ရေးသားခြင်းအပြုအမူနဲ့ ဖန်တီးတည်ဆောက်ကြတဲ့ လူတွေ။ သူတို့ရဲ့ ဖန်တီးတည်ဆောက်မှုတိုင်းမှာ အားထုတ်မှုဆိုတာပါတယ်။ အားထုတ်မှုတိုင်းဟာ အချိန် (ကာလအတိုင်းအတာ)တစ်ခု လိုတယ်။ အရင်းခံကျတဲ့ အားထုတ်မှုကို ပြုလုပ်ဖို့အတွက် လိုအပ်တဲ့အချိန်ကို တခြားဟာ တစ်ခုခုအတွက် ခွဲဝေသုံးစွဲရရင်.။ ဒီလိုမှ မဟုတ်ရင် အခြားအခြားသော အပြုအမူတစ်ခုခုအတွက် မိမိရဲ့ လုပ်နိုင်စွမ်းရည်ကို ကာလအတိုင်းအတာ တစ်ခုအထိ ဝေငှပေးလိုက်ရရင် လူရဲ့ အရင်းခံကျတဲ့ အားထုတ်နိုင်မှုဟာ လျော့ပါးသွားရတာချည်းပဲ။ ဒီတော့လည်း ခုခေတ်မှာ နာမည်ကျော် စာရေးဆရာကြီးများ စာရေးဆရာမကြီးများအနေနဲ့ အဟောအပြော ကောင်းမှုစံတွေဟာ အရင့်အရင်ကထက် အများကြီး တက်လာပေတဲ့ အရေးဖက်မှာ လျော့တော့ လာမှာပဲ။ မလျော့ဘူးဆိုတဲ့ စာရေးဆရာ၊ စာရေးဆရာမတွေလည်း ရှိတော့မှာပဲ။ သူတို့ကိုတော့ ခြွင်းချက်အနေနဲ့ ထားရလိမ့်မယ်။ ဟောပြောပွဲတွေ လိုက်နေရလို့ ၀တ်ထုရေးရာမှာ အင်မတန် ပြောင်မြောက်တဲ့ မဖတ်မဖြစ် ဖတ်နေရတဲ့ စာရေးဆရာ စာရေးဆရာမတွေဆီက သူတို့ရဲ့ စံအတိုင်း မဟုတ်တော့တဲ့ ၀တ်ထုတှေ ပေါ်လာတယ်။ စာဖတ် နာတဲ့လူတွေ ဖတ်ကျင့်ကောင်းတဲ့ လူတွေက သိလာတယ်။ ဒီလူတွေမှ မဟုတ်ဘူး။ တချို့အနေအထားတွေမှာ တော်ရုံ စာဖတ်သူတွေကပါ။ သိလာကြတာတွေကို တွေ့ခဲ့ကြုံခဲ့ရဖူးတယ်။
ကျွန်တော့် အတွေ့အကြုံတစ်ခု ပြောပါရစေ။ ခရီးသွားရင်းအကြောင်း သင့်တဲ့အခါ၊ မြန်မာစာ အရေးအသားတွေကို ရေခြား မြေခြားကနေ တစိုက်မတ်မတ် ဖတ်တဲ့လူငယ်တချို့နဲ့ တွေ့ရတတ်တယ်။ တစ်ခါတော့ မဂ္ဂဇင်းစာအုပ်တွေ အဲဒီအထဲက အရေးအသားတွေအကြောင်း ပြောဖြစ်တယ်။ လူငယ်တစ်ယောက်က မြန်မာပြည်က သူ့သားချင်းတစ်ယောက်က မဂ္ဂဇင်းတွေ ပုံမှန်ပို့ပေးပေတဲ့ ခုတော့ မပိုနဲ့လို့ ပြောလိုက်ရတဲ့အကြောင်းပြောပြတယ်။ ဘာလို့လဲ လို့၊ မေးတော့ ဖတ်စရာက သိပ်မရှိတော့ဘူး၊ တဲ့။ ဘာကိုဆိုလိုတာလဲလို့၊ မေးပြန်တော့ စာရေးဆရာကြီးတွေ ရေးတာတွေ သိပ်မပါတော့ဘူးလို့ ဖြေတယ်။ ကျွန်တော့်အမြင်အရတော့ ဒီအဖြေဟာ ပြည့်စုံလုံလောက်တဲ့ အကြောင်းတစ်စုံတရာမှာ အခြေခံတဲ့ အဖြေလို့ မမြင်ဘူး။ ပုဂ္ဂလိက တွယ်တာမှုမှာ အခြေတည်ထားတဲ့ အမြင် စိတ်လှုပ်ရှားမှုတစ်ခုပဲ။
စာရေးဆရာကြီးတွေ ရေးမှ အရေးအသားကောင်းမယ်ဆိုတာကို ကျွန်တော်လက်မခံဘူး။ သစ်သစ်၊ ဟောင်းဟောင်း။ တစ်စုံတဟရာ စံပြုရတဲ့ အနေအထားကို မရောက်တောင် ကျေနပ်ဖတ်ပျော်တဲ့ အရေးအသားတစ်စုံတရာကို ဖန်တီးနိုင်မှုတော့ ရှိနိုင်တယ်လို့ ကျွန်တော်လက်ခံတယ် (လုံးလုံးချည်း အသုံးမကျတဲ့ အရေးအသားမျိုးကို စာရေးလို့ အရိုးရင့်နေတယ်ဆိုပြီး ဂုဏ်ယူနေတဲ့လူတွေဆီက အဲဒီခေတ်က စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထွက်လာခဲ့တယ်။ ဥပမာ၊ မြန်မာရသပညာဆိုတဲ့ စာအုပ်မျိုး။) ဒါပေတဲ့၊ အဲဒီလူငယ်လိုမျိုးအတွက်တော့ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ ဒါမှမဟုတ် ဝယ်ယူသိမ်းဆည်းထားဖို့ ဆိုတာက ဘယ်သူတွေ ရေးတယ်ဆိုတာက အရေးကြီးတယ်။ မဂ္ဂဇင်းရဲ့ မာတိကာ ကည့် တယ်ဆိုကတည်းက၊ ဥပမာ၊ ဂျူး၊ ပါသလား။ နုနုရည်၊ ပါသလားဆိုတာကို အရင်ကြည့်တာ (နာမည်ဖော်ပြပြီး မညွှန်းမဖြစ်လို့ ညွှန်းလိုက်ရတဲ့အတွက် အန်တီကြီးများက ခွင့်လွှတ်ကြစေချင်ပါကြောင်း။) ။ ဟိုစဉ်ကတော့ မဂ္ဂဇင်းနည်းနည်း။ ဟောပြောပွဲဆိုတာကလည်း တစ်နှစ်တစ်ခေါက်လောက်ပဲ (ကျွန် တော်တို့ ငယ်ငယ်ကတော့ စာဆိုတော်နေ့လောက်မှပဲ လုပ်တယ် ထင်တယ်။) ဒိပြင် အဲဒီအခါက မဂ္ဂဇင်းတွေကိုလည်း ကျွန် တော်တို့လို ချွတ်တားတွေ၊ ချွတ်ကရားတွေ ဝင်တိုးဖို့နေရာမရှိဘူး။ အခုတော့လည်း တစ်မျိုးတဖုံ ဖြစ်ကုန်တယ်။ ဒီ-တစ်မျိုးတဖုံထဲမှာ-ပိုက်ဆံရှိလို့၊ အာဏာရှိလို့၊ ပိုက်ဆံနဲ့ပေါက်၊ အာဏာနဲ့ခြောက်ပြီး လွယ်လွယ်နဲ့ စာရေးဆရာ ဖြစ်လာတာတွေလည်း ပေါ်လာပြန်တယ်။ တစ်မျိုးတဖုံတွေကတော့ ဖြစ်နေ၊ ရှိနေမှာပဲ။ ဒါကို အပြစ်တင်နေလို့၊ မရဘူး။ ကာလတရားရဲ့ ရွေ့လျားနေခြင်းအတွင်းမှာ လျောက်ပတ်တင့်တယ်မှုရှိခြင်းနဲ့ လျောက်ပတ်တင့်တယ်မှု ကင်းပခြင်း ဆိုတာတွေက ရှိနေမှာပဲ။ ရှိနေတာချည်းပဲ။
ဒီတော့၊ ဒီနေရာမှာ စဉ်းစားကြည့်စရာက စာဖတ်တဲ့လူများလာအောင် လုပ်လို့ရသလား၊ ဆိုတာပဲ။ စာအုပ် စာပေဆိုတာကို တွယ်တာအောင် မြတ်နိုးအောင် ဘယ်လိုလုပ်ပေးမလဲ ဆိုတာဟာ၊ အဓိကပဲ။ လူငယ်ပိုင်း အတော်များများကို စုပြီး၊ စာဖတ်ခိုင်း။ ပွဲလုပ်။ စစ်ဆေး။ လက်မှတ်ပေးတာတွေက တောထဲက မျောက်ကလေးကို ခေါ်လာပြီး ဘိုင်စကယ်စီး၊ သင်ပေး။ ရုံသွင်းပြတာမျိုးပဲ။ လူများစုအတွက် နောက်ထပ်မျိုးဆက်တွေ အတွက် ဘာမျှမပါဘူး။ တကယ်တော့ လူဆိုတာကလည်း သူ့ရဲ့ ကိုယ် ပိုင်စေ့ဆော်မှု တစ်စုံတရာ မရှိရင် ဘာမျှ သိပ်မလုပ်ဘူး။ နွားကတော့ ကြိမ်တို့ရင် လုပ်တယ်။ လူတစ်ယောက်ကို ကြိမ်တို့ပေးလို့ မက်လုံးပေးလို့တော့ စာ(ပို)ဖတ်လာမယ် မထင်ဘူး။ လူရဲ့ ကိုယ်ပိုင်စေ့ဆော်မှု ရှိလာအောင် (ဖြစ်လာအောင်) လုပ်ပေးဖို့ လိုတယ်။
ဥပမာ၊ ကဗျာရေးတဲ့လူတွေကို ကြည့်။ ပိုက်ဆံရှိတာ မရှိတာ (ပြောမယ် ဆိုရင်တော့လည်း ကဗျာဆရာအများစုဟာ လူချမ်း သာတွေ မဟုတ်ကြဘူး)။ ခေတ်ကောင်းတာ၊ ခေတ်ကျပ်တာ၊..စတာတွေမှာ အခြေမခံဘူး။ ကဗျာဆရာဖြစ်ချင်တဲ့လူဟာ သူ့ပင်ကိုယ်စေ့ဆော်မှု တစ်စုံတရာ ရှိလာလို့ (ဖြစ်လာလို့)၊ ကဗျာရေးကြတာပဲ။ ဥပမာ၊ မဂ္ဂဇင်းတိုက်တွေ၊ ဂျာနယ်တိုက်တွေနဲ့ မနီးလှတဲ့ ဝေးလံသီခေါင်တဲ့ အရပ်၊ ရပ်စွန်မယ်ဖြားကနေ ကဗျာအပေါ် ကိုယ်ပိုင်စေ့ဆော်မှု၊ မြတ်နိုးမှု၊ တပ်မက်မှုတွေနဲ့ ကဗျာရေးရင်း ကနေ့ မြန်မာကဗျာလောကမှာ ကဗျာဆရာတစ်ယောက်အဖြစ် သီးခွားရပျတညျနနေိုငျဲ့ ကဗျာဆရာ ဝေးခေါင် လို၊ လူမျိုး။ မဂ္ဂဇင်း ဂျာနယ်တွေက မသုံးလည်း သူတို့ဘာသာ ရေးနေကြမှာပဲ။ အဲဒီလို ဖြစ်လာဖို့က သူတို့မှာ စေ့ဆော်မှု တစ်စုံတရာ ရှိလာလို့။ စေ့ဆော်မှုကလည်း သူတို့ရဲ့ အပက ရိုက်ခတ်မှု၊ လှုံ့ဆော်မှုတွေ ရလာလို့။
တစ်-စာမဖတ်တတ်ရင်။ နှစ်-စာဖတ်ဖို့ ပျိုးထောင်မပေးနိုင်ရင်။ သုံး-ပျိုးထောင်ပေးရာမှာ သာယာတတ်ဖို့၊ လမ်းကြောင်း မပေးနိုင်ရင်၊ စာဆိုတာကို ဖတ်ရကောင်းမှန်း၊ သာယာစရာဖြစ်မယ်မှန်း၊ သိလာမှာ မဟုတ်ဘူး။ ကျူရှင်ဆရာ ကောင်းလို့၊ ကျူရှင်ဖိုး တတ်နိုင်လို့ ဘာသာစုံ ဂုဏ်ထူးထွက်တယ်ဆိုတာမျိုး လိုပဲ ဖြစ်မယ်။ စာကို သာယာတတ်ဖို့ အရေးအသားတွေကို ဖတ်ချင်စိတ်ရှိဖို့ ဆိုတာကလည်း ခုကာမှ နေ့ချင်းညချင်း ထလုပ်လို့ ဖြစ်တာမျိုးမဟုတ်ဘူး။ စာရေးဆရာတွေ ကိုယ်တိုင် ဟားဝါးပန်းတာဖက်မှာ အားသန်နေကြတုန်း၊ နောက်ပိုင်း မျိုးဆက်ထဲက လူငယ်တွေက မော်ဒလ်ဖြစ်ချင်တာ၊ မင်းသားမင်းသမီး ဖြစ်ချင်တာ၊ စီးပွားရေးဖက် တစ်ခုတည်းမှာ အားသန်နေတာကို လူကြီးပိုင်းက အားပေးအားမြှောက်ပြုခြင်း {လူကြီးပိုင်းကိုက စာပေ၊ အသိပညာ၊ ရသပညာပိုင်းမှာ (ဦးနှောက်အပိုင်းမှာ) နွမ်းပါးနေကြပြီး၊ ရုပ်ရည်နဲ့ ကိုယ်ကာယ သက်သက်အပေါ်မှာ (ဦးနှောက်ရဲ့ အခန်းကဏ္ဍပါစရာ မလိုသလောက် ရှိနေတဲ့အပိုင်း) သာယာနေတတ်ကြတာ။ ဒါ့ကြောင့်လည်း ရုပ်ရည်ကို ရောင်းစားရတဲ့ မော်ဒလ်မော်ဒက်၊ မင်းသမီး မင်းသားတွေ ပေါများပြီး၊ ပက်ပုံလမ်း ယဉ်ကျေးမှုဟာ ထိမ်းကျောင်းသူမဲ့ ထွန်း ကားလာခဲ့တာပဲ။} တွေက ၊ မျိုးဆက်တစ်ခုနှစ်ခုဟာ စာပေအပေါ် သာယာတတ်မှု ကင်းပနေခဲ့တာတွေကို ဖြစ်လာစေခဲ့တာပဲ။
မဂ္ဂဇင်းဖတ်သူ အရေအတွက်နည်းလာတဲ့ တစ်ခြားတစ်ခုက ရုပ်မြင်သံကြားတို့၊ တခြားတခြားသော ဖြေဖျော်မှုတွေ များလာလို့ပဲ၊ လို့ တချို့ကမြင်တယ်။ ကျွန်တော့်အမြင်ကတော့၊ ဒီအမြင်ဟာ၊ လုံးလုံးချည်းတော့ မမှန်ဘူး။ ဒီလိုဖြေဖျော်မှုတွေ များလာတာဟာ၊ စာဖတ်အားလျော့ကောင်း လျော့မယ်။ တစ်ခုတည်းသော ပြောင်းလဲမှု မဟုတ်ဘူး။ မတ်ဖတီဝတ် စစ်အစိုးရ လက် အောက်မှာ ပေါ်ပေါက်လာတဲ့ တံခါးဖွင့်ဝါဒ အရ လွှတ်ပေးလိုက်တဲ့ ထိန်းချုပ်ထားခဲ့မှုတွေဟာ သာမန်အရပ်သူ အရပ်သားတွေအပေါ်မှာ ဆွဲဆောင်မှုတွေ အများကြီး ရှိလာတယ်။ ဒီမှာ လွတ်လပ်စွာ သိခွင့်ရတယ်ဆိုတာဟာ သာမန်အရပ်သူ အရပ်သားတွေ မက်ထားတဲ့၊ မက်လုံးတစ်ခု ဖြစ်လာတယ်။ ဂျာနယ်တွေ ပလူပျံလာတဲ့အခါ ဂျာနယ်တွေက ဘာရေးရေး၊ ဝယ်ဖတ်ကြတယ်။ ဂျာနယ်တွေဆီက စျေးပေါပေါနဲ့ သိစရာတစ်ခုခု ရတယ်လို့၊ မြင်လာတယ် (ဂျာနယ်တွေကို အပြစ်တင်နေတာ မဟုတ်ဘူး။ လူတွေ လက်ခံထားတဲ့သိမှုပုံစံကို ဆိုလိုတာ။)။ ဒါ့ကြောင့်လည်း ဂျာနယ်တွေဟာ အချိန်တိုတိုအတွင်းမှာ စာပေစျေးကွက်ထဲ တိုးဝင်လာနိုင်ခဲ့တာပဲ။ မြန်မာအများစုဟာ ဆင်ခြင်ခြင်း အခြေခံနဲ့ သိမှုတစ်စုံတစ်ရာကို ရယူတာ၊ နည်းတယ်။ ကနဦးကိုက အတင်းအဖျင်း၊ ကောလာဟာလကို သာယာတတ်ကြတယ် (လွတ်လပ်ရေး ရကတည်းက၊ ကောလာဟာလ တစ် ဝက်၊ အောက်စီဂျင်တစ်ဝက် ရှူလာကြတော့ အလေ့အကျင့် ဖြစ်နေပြီ။ ပိုအားကောင်းလာတာက ထိန်းချုပ် အသိပေးစနစ် စတင်လာခဲ့တဲ့၊ ဆိုရှယ်လစ်ခေတ်မှာပဲ။ ပညာတတ်နည်းလေ ထိန်းချုပ်လို့ ကောင်းလေ စနစ်ပဲ။ နောက်ပိုင်း စစ်ခေတ်တွေမှာလည်း ဒီစနစ်ပဲ။ ဒါပေတဲ့ Overtly မဟုတ်ဘူး။ ဥပမာတစ်ခု ပြရရင်၊ ဆွမ်းကြိမ်းလောင်း ပီအိပ်(ချ)ဒီ စနစ်ကို တီထွင်လိုက်တာဟာ၊ သိ-နားလည်မှုအခြေခံ စနစ်တကျ အထက်တန်း ပညာရေး ကို မူးတင်း ပဲတင်းအခြေခံ သိမှုတစ်ခုတည်းမှာ အခြေခံတဲ့ အပေါစား အထက်တန်းပညာရေး ဖြစ်သွားအောင်၊ စနစ်တကျ ဖန်တီးလိုက်တာပဲ။ စစ်ဗိုလ်၊ စစ်သားရဲ့ ယူနီ ဖောင်းပေါ်က ရာထူးအဆင့်ဟာ လူထက်အရေးကြီးတယ်လို့ အမြင်တစ်ရပ်ဖြစ်အောင် လုပ်လိုက်တာပဲ။)။ ဂျာနယ်တွေကလည်း တစ်ခါဖတ်သဘောမျိုး ဖြစ်ရုံမကဘူး၊ အပျင်းဖြေစရာလည်း ဖြစ်လာတယ်။ ဝါဒဖြန့်မှု၊ ဆွဲဆောင်မှု၊ ပုဂ္ဂလိက ကိုးကွယ်မှုတွေကို အတွင်းသားမှာ အသာနှစ်ထားတဲ့ ဆောင်းပါးတွေကို ဖတ်လာကြရတယ်။ အချက်အလက်ရဲ့ မှန်ကုန်ခြင်းထက် သီး ခြားပုဂ္ဂိုလ်ကို ကိုးကွယ်မှုမှာ အခြေခံပြီး အတွေးအားဖြင့် မှန်ကုန်မှုမျိုးကိုပဲ တည်ဆောက်ရတဲ့အပေါ်မှာ၊ သာယာလာတယ်။ တစ်နည်းအားဖြင့်တော့၊ စာဖတ်သူ အများစုဟာ အချိန်ပေး ဖတ်ရတဲ့ မဂ္ဂဇင်းမျိုးတွေနဲ့၊ လှမ်းလာတော့တာပဲ။
အချိန်မပေးနိုင်ကြတာကလည်း၊ (တစ်ချိန်တည်းမှာ) ရေမွှေးဆွတ်ထားတဲ့ ဒီမိုကရေစီရနံ့အောက်မှာ၊ တွေဝေမှုနဲ့ အနက်မှားသိမှုတွေပေါ်လာလို့၊ ပဲ။ မစားရ မဝခန်း ဒီမိုကရေစီကို ၊ ဘိန်းငိုက်သလို ငိုက်ရင်း သာယာနေမိကြတာပဲ။ ဒီကြားထဲမှာ နိုင်ငံရေး ပရိယာယ်အရ ပေါ်ပေါက်လာတဲ့၊ အစွန်းရောက် ဘာသာရေးအခြေခံသိမှုနဲ့ လူ့အဖွဲ့အစည်းနဲ့ မပတ်သက်သူတွေက လူ့အဖွဲ့ အစည်းထဲကို ဝင်ရောက်ချယ်လှယ်ဖို့ အားထုတ်မှုတွေ ပေါ်လာကြပြန်တယ်။ မြန်မာ လူ့အဖွဲ့အစည်းအတွင်းမှာ ခုကာမှ ခရူးဆိဒ်စစ်ပွဲ ပြန်စချင်တဲ့အမြင်တွေ ပေါ်လာတာသာ၊ ကြည့်။ စနစ်တကျ ဆင်ခြင်တယ်ဆိုတာနဲ့ ဝေးလေတော့၊ Secularism ဆိုတာကို သဘောမပေါက်ဘူး။ Secularism has become equated with modernity ဆိုတဲ့အတိုင်း ဖြစ်မလာဘူး။ တကယ့် ကမ္ဘာ ကြီးရဲ့ ဖြစ်ပျက်နေခြင်းအတွင်းမှာ မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေတဲ့ရပ်ဝန်းတစ်ခု(လို)ပဲ ဖြစ်နေတယ်။ အင်တာနက် သုံးနိုင်တာ၊ ကွန်ပြူတာ သုံးနိုင်တာ၊ ခရီးဆောင်ဖုန်း သုံးနိုင်တာ စတာတွေဟာ၊ ရှိနေတဲ့ နည်းပညာ အခြေခံအရာတွေ (အသုံး ခံပစ္စည်းတွေ)ကို သုံးနိုင်တာ သက်သက်ပဲ။ လူမှုဆက်ဆံရေးဘဝ သိမှု နားလည်မှုအပိုင်းက ချဲ့ထွင်မလာခဲ့ဘူး။ သာ မန်အရပ်သူ အရပ်သားတွေ အနေနဲ့ကတော့ နေ့စဉ်ဘဝရဲ့ ကစင့်ကလျားဖြစ်နေခြင်းအတွင်းမှာ ထွေပြားမှုတွေ ပိုများလာရတာ သက်သက်ပဲ။
ဒီတော့လည်း စာဖတ်တယ် ဆိုတာအတွက်၊ ပေးစရာ အချိန်သိပ်မကျန်တော့ဘူး။ မဂ္ဂဇင်းတစ်စောင်ဝယ်ပြီး ပထမအကြိမ် လှန် လှောကြည့်။ ဒုတိယအကြိမ် တို့တို့တိတိမြည်း။ တတိယအကြိမ် အသေအချာဖတ်လုပ်ဖို့ အချိန်မရှိကြတော့ဘူး (ရှိလည်း နည်း နည်းပဲရှိတော့မယ်။)။ စာဖတ်တာအပေါ်မှာ သာယာနိုင်ဆုံးဖြစ်တဲ့ လူလတ်တန်းစားရဲ့ နေ့စဉ်ဘဝ အနေအထား မခိုင်မာလာတာဟာလည်း၊ စာဖတ်အား လျော့လာတာရဲ့၊ တစ်စိတ်တစ်ပိုင်းပဲ။ ဟိုစဉ်က သောကြာနေ့ ရုံးအပြန်မှာစာအုပ်တစ်အုပ် ဝယ်ပြန်လေ့ရှိတဲ့ ရုံးဝန်ထမ်းတို့၊ ကျောင်းဆရာတို့ခမျာ၊ အဲဒီလို မလုပ်နိုင်ကြတော့ဘူး။ စာအုပ်ကို ငှားဖတ်ရတယ်ဆိုတာက တိုင်း ပြည်ရဲ့ သိမှုအပိုင်းမှာ ဘာသာစာပေရဲ့နေရာ လျော့ကျလာခြင်းပဲ။ စစ်ခေတ်မှာ (စစ်တပ် နဲ့ ပိုက်ဆံဝါလားတိုရဲ့ အပြန်အ လှန် အကျိုးပြုမှု အခြေခံအရ) တောသူဌေးကို စာပေဆု ဖန်းတီးပေးပေတဲ့၊ စာဖတ်တဲ့လူနဲ့ စာပေအဆင့်အတန်းကို တင်ပေးတာ မဟုတ်ဘူး။ စစ်ဗိုလ်စစ်သား နားလည်တဲ့ အသုံးချဝင် အသုံးကျမှုစံမှာ အခြေခံပြီး၊ ပိုက်ဆံဝါလားကို လူရာဝင်အောင် လုပ်ပေးပြီး ခါးပိုက်ထဲထည့်တာ သက်သက်ပဲ။ တစ်နည်းပြောရရင်တော့၊ မြန်မာအများစုရဲ့ နေ့စဉ်ဘဝအခြေခံ လူမှုရေးဆက်ဆံရေး ပုံစံနဲ့ အမူအကျင့်တွေဟာ၊ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ (လွတ်လပ်ရေး ရပြီးတဲ့နောက်၊ မြန်မာနိုင်ငံဟာ တစ်ဖန်ပြန်ပြီး စစ်ဘေးစစ်ဒဏ် သင့်ခဲ့ရတဲ့ ဒုတိယပိုင်းစစ်အာဏာရှင်တွေ လက်အောက်မှာ) ပြောင်းလာတယ်။ ဒီပြောင်းလဲမှုတွေဟာ ရပ်တန့်သွားမှာ မဟုတ်ဘူး။ ရှေ့ဆက်သွားနေမှာတွေရှိနေသလို တစ်ပတ်ပြန်လှည့်လာတာတွေလည်း ရှိနေမှာပဲ။ ဆိုလိုတာက၊ စစ်အာဏာရှင်နဲ့အရပ်သား အာဏာရှင်တို့ရဲ့ အမြင်နဲ့ အားထုတ်မှုတွေရဲ့ ကွာခြားမှု ရှိ၊ မရှိမှာ တည်တယ်။
စာဖတ်တယ် ဆိုတာကလည်း ဖန်တီးထားတဲ့ ဖန်တီးမှုတစ်ခုခုကို လက်ဆင့်ကမ်း ရယူလိုက်တာပဲ။ ဖန်တီးစာတွေဆိုရင် အနု ပညာပစ္စည်း တစ်ခုခုကို လက်ပြောင်းရယူတဲ့သဘောပဲ။ ဖန်တီးစာ မဟုတ်တာတွေ ဆိုရင်လည်း တစ်စုံတစ်ခုသော သိမှုကို ရယူတာပဲ။ သိမှုကို ရယူရာမှာ လက်ခံနားလည်တဲ့အပိုင်း ပါလာတယ်။ ဒီ-အချက်-တွေရဲ့ ရှေ့ဆီမှာ လိုအပ်နေတာက ဘာဖြစ်လို့ ဖတ်ရသလဲ ဆိုတာပဲ။ ဖတ်လာဖို့ စေ့ဆော်မှုလိုတယ်။ ဟိုတုန်းက ခပ်လွယ်လွယ် ပြောဆိုလေ့ရှိတဲ့ ဆောင်ပုဒ်လေးတစ်ခုရှိတယ်။ အလိမ္မာ စာမှာရှိ ဆိုတာ။ ခုတော့ မြန်မာစာသည် တို့စာ ဆိုတာလိုပဲ။ အသက်ငင်နေပြီ (မြန်မာအဝတ်သည် တို့အဝတ် ဆိုတာကတော့၊ မရှိတော့တာကြာပေါ့။)။ မြန်မာစာကိုသာမဖတ် နေကြရော့မယ်။ တစ်ခြား၊ ဘာသာနဲ့ ရေးထားတာတွေတော့ ဖတ်ကြပုံရတယ်။ မြန်မာစကားပြောရင်း ဘယ်သူမျှမြန်မာလို ဖြောင့်ဖြောင့် မပြောနိုင်ကြတော့ဘူး။ မြန်မာဖြစ်ခြင်းကို ဖော်နိုင်နေသေးတဲ့ မြန်မာစာနဲ့ မြန်မာစကားကိစ္စကို တက်လာသမျှ အစိုးရတိုင်းက နားအေးအောင် သူတို့လက်သင့်ရာထဲ ပစ်ထည့်လိုက်တော့တာပဲ။ ပြောမယ်ဆိုရင် ထိန်းကွပ် ကြပ်ညှက်မှုတွေ ရှိခဲ့ပေတဲ့ ၊ ဆိုရှယ်လစ်ခေတ်ဦးမှာ မြန်မာဘာသာစကား၊ မြန်မာဘာသာ စာအရေးအသားနဲ့ မြန်မာစာပေကို ဂရုတစိုက်အရှိခဲ့ဆုံးပဲ။ နောက်ပိုင်း၊ စစ်ခေတ်အဆက်ဆက်မှာ လူ သားတွေတောင် ဧရာဝတီမြစ်ကမ်းပါးက မှိုပေါက်သလို ပေါက်လာတာပဲ ဆိုတဲ့၊ ဆုတ်ဖြဲကားယားနိုင်လှတဲ့ အယူအဆကို မရှက်မကြောက် ဖော်ထုတ်နိုင်ဖို့ ကြိုးစားတာကလွဲလို့ ပြောစမတ်ဖြစ်လောက်တဲ့ အားထုတ်မှုမရှိခဲ့ဘူး (ပြောစမတ်ဆိုတာက အကောင်းဖက်ကပါ။ မဟုတ်ကဟုတ်က တွေကတော့ အပုံကြီး။)။
ခုနေတော့ မြန်မာဘာသာစာ အခြေခံအရေးအသားတွေမှာ၊ မဂ္ဂဇင်းတွေလောက်က လွဲလို့ ဖတ်တဲ့ လူတွေရှိနေကြသေးတယ်။ ဖတ်နေတဲ့လူတွေ ရှိနေသေးလို့တော့ လူမျိုးတစ်မျိုးလုံးရဲ့ အနေအထားတစ်ခု အနေနဲ့ ခြုံငုံပြီး အပြစ်တင်လို့ မဖြစ်သေးဘူး။ ခက်နေတာ တစ်ခုက ခုတော့ အပြစ် တင်စရာလည်း မရှိတော့ဘူး။ ဟိုတုန်းကတော့ အပြစ်တင်ချင်ရင် စစ်အစိုးရ ဘာဘာ ညာညာ။ စာပေစိစစ်ရေး၊ ဘာဘာညာညာ။ လူ့အခွင့်အရေးတို့ ၊ ဒီမိုကရေစီ မရှိတာတို့။ အပြစ်တင်စရာ အပုံကြီး။ ထည့်ချင်ရင် ကုလသမဂ္ဂတို့ ၊ အိမ်းနီးနားချင်းအစိုးရတွေကိုတောင် ထည့်အပြစ်တင်လို့ ရသေးတယ်။ ဒီတော့ စာရေးဆရာတွေ အရင်ကလိုစာ မရေးကြဘူး။ စာဖတ်တဲ့သူတွေကလည်း အရင်ကလို စာမဖတ်ကြဘူး။ ဘယ်လိုလုပ်မလဲ။ ဘယ်လိုမျှလုပ်လို့မရဘူး။ တစ်ခုပဲပြောစရာရှိတယ်။ နေပြည်တော်ဆီကို အာဏာအရ စီးပွားရေးအရ ဘာအရ ညာအရ ချီတက်သွားကြရာ လမ်းတစ်လျှောက် ဘေးတစ်ဖက် တစ်ချက်မှာ မြက်တွေ ရှိတယ်။ ဘယ်သူကမျှ လှည့်မကြည့်ဘူး။ ဘယ်သူကမျှလည်း သတိမထားမိကြဘူး။ မကြည့်ဆို၊ သတိမထားမိကြဆို၊ မြက်တွေဟာ မြက်တွေပဲ ကိုး။ မြက်တွေဟာ နွားတွေအတွက်။ ဒီနွားမစားလည်း နောက်နွားကတော့ ၊ စားမှာပဲ။ ။
March, 2006
နှင်းဆီဖြူ ဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၇)တွင်
Comments
Post a Comment