ဗမာကဗျာဆရာ လှသန်း
လှသန်း။ ။ လူငယ်တယောက်ရဲ့မှတ်စုများ
- ကြည်ဇော်အေး -
[၁၉၆၃ - ၂၀၁၁]
".... ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့..."
၁။
၁၅ မိနစ်လောက်တော့ လူတိုင်း နာမည် ကြီးခွင့် ရှိတယ်” ဆိုတဲ့ အင်ဒီဝါးဟိုး အဆိုအရ ၃၃ လမ်းထဲက အပေါစားကျော်ကြားမှု တချို့ မီးညွန့်ကျိုးလာချိန်မှာ ကျနော်တို့ လက်ဖက်ရည် စားပွဲဟာ အရယ်အမော မပျက်ခဲ့ကြဘူး။ ကြွက်နို့ ပျောက်နည်း ရေးပြီး ကျွဲကော်ကိုင်းမျက်မှန် တပ်ထားတဲ့ လျှို့ဝှက်ဆန်းကျယ် စာရေးဆရာ ကိုရော။ ညနေညနေမှာ အင်္ကျီအဟောင်းတွေ ရှာဝတ်လာပြီး ဆင်းရဲချင်ယောင် ဆောင်လာတဲ့ စစ်ဗိုလ်ကိုရော စာမူခတွေ သိန်းချီ ရလာသလိုလိုနဲ့ ချမ်းသာချင်ယောင် ဆောင်လာတဲ့ မအောင်မြင်တဲ့ စာရေးဆရာကိုရော ထိုင်ဟားနေခဲ့ကြ။ ထိုသို့ ကျနော်တို့ စားပွဲကို မောင်ချောနွယ် မှတ်ချက်ပေးခဲ့တာက "ဒီကောင်တွေဝိုင်းက အပျင်းတော့ပြေတယ်ကွ" ဆိုပြီး “အရမ်း လှသန်း' ဆိုတဲ့ နာမည်ကို မောင်ချောနွယ်ကပေးခဲ့တာပေါ့။
၂။
ကိုလှသန်းနဲ့ မရင်းနှီးခင်တုန်းကတော့ ကျနော်လည်း သူ့ကို ခပ်တန်းတန်းပါ။ မိုးတွေ ရွာနေတဲ့ တရက် ၃၃ လမ်းထိပ်က တိုက်လှေခါးရင်းဘေးမှာ မိုးခိုနေတဲ့ ကိုလှသန်းကကျနော့် ကို လှမ်းခေါ်ပြီး မင်းက ငါ့ကို ရိုက်ချင်တယ် လို့ ပြောတယ်ဆို" လို့ မေးပါတယ်။ "ဘယ်သူ ပြောတာလဲ ပြန်ပေးတော့ သူက နာမည်တခုကို ပြောပြတော့ ကျနော်ကရယ်လိုက်မိပြီး "ချင့်ယုံပေါ့ဗျာ” လို့ ပြန်ပြောတော့ သူရော ကျနော်ပါ နှစ်ယောက်လုံး ပြိုင်တူ ရယ်လိုက်ကြ။ အဲဒီကတည်းက သူနဲ့ကျနော် တလျှောက်လုံး
အတူတူ ဟားတိုက်လာကြတာ သူကွယ်လွန်ခါနီး ရန်ကုန် ဆေးရုံကြီးပေါ်ကနေ ကျနော့်ဆီ ဖုန်းလှမ်းဆက်သည် အထိပေါ့။ သူနဲ့ကျနော် စတင် ခင်မင်ခဲ့ပုံက အဲဒီလို ခပ်သင်းသင်းပေါ့။
သူဟာ လက်မရွံ့ကဗျာတွေ ရေးရုံတင် မဟုတ်ပါ။ နှုတ်မရွံ့ကဗျာဆရာလည်း ဖြစ်ပါတယ်။ အမြင်မတော်တာတွေ့ရင် ပြောင်ပြောတတ်လို့ သူ့ကို လူမုန်းများပါတယ်။ သူ့အကြောင်းကို သေချာမသိရင် သူဟာ အလွန် ရိုင်းတယ်ထင်ရ။ သူနဲ့ ပေါင်းမိသွားရင်တော့ သူဟာ လူယဉ်ကျေးတယောက်ဆိုတာ အသေအချာ သိနိုင်ပါတယ်။ တလောဆီကတောင် သမန်အင်းထိပ်က တောင်လေးလုံး ကျောင်းတိုက်မှာ ကိုလှသန်း ကွယ်လွန်ခြင်း ၃ နှစ်ပြည့်ပွဲ လုပ်တော့ ကျနော့်ကို အမှတ်တရစကား ပြောခိုင်းလို့ မဖြစ်မနေ ပြောရတဲ့အခါ ကိုလှသန်းကို အကြောင်းမသိသူတွေက မောက်မာတယ် လို့ထင်ကြတယ်။ ဟုတ်ပါတယ်၊ သူက မောက်မာတယ် သူ့အနုပညာကို ကန့်သတ်ချုပ်ချယ် ပိတ်ဆို့ခဲ့တဲ့ စစ်အာဏာရှင်တွေအပေါ်မှာ သူ ဟာ အလွန်မောက်မာပါတယ်။ ကဗျာဆရာတွေနဲ့ အနုပညာအပေါ်မှာ သူဟာ သိပ်ရိုးသား ယဉ်ကျေးခဲ့သူပါ” လို့ ကျနော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ယဉ်ကျေးချင်ယောင်ဆောင်တတ်တဲ့လူတော့ မဟုတ်ခဲ့ဘူး။ လူငယ်ကဗျာဆရာတွေအပေါ် ချစ်ခင် တန်ဖိုးထားပေမဲ့ ကဗျာကို ပေါ့ပျက်ပျက်လုပ်တဲ့သူဆို အဆဲခံရတာ များတယ်။ ကျနော်တို့အရွယ် လူငယ်အတော်များများ သူဆဲတာ မခံရဖူးတဲ့သူ မရှိသလောက်ပဲ။ ဒုက္ခရောက်နေရင်လည်း သူတတ်နိုင်တာ ကူညီတာပဲ။ ဘာမှကြီးကြီးကျယ် ကျယ်တွေ ပြောမနေပါ။ တရက်မှာ သူ့အိမ်ကို ကျနော် ရောက်သွားတော့ အဝတ်လာလျှော်တဲ့ အမျိုးသမီးတယောက်ကို အဝတ်မလျှော်ခိုင်းတော့ပဲ ငွေတချို့ ပေးပြီး ပြန်လွှတ်လိုက်တာ တွေ့ လို့ ကျနော် မေးကြည့်မိတာ "သူ့ယောက်ျား ကထောင်ထဲမှာကွ နိုင်ငံရေးအကျဉ်းသား” တဲ့။
၃။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနေ့များ အလွန်မှာ ကိုမင်းဟန် ကိုစည်သူ တို့နဲ့အတူ သူပါ ကျနော့်အိမ်ကို ပါလာကြ။ မုံရွာနယ်တဝိုက် ကားတစင်း ငှါးပြီး ရွေ့လျားကြ ၊တရွာဝင်တရွာ ထွက်ပါပဲ။ ထို့နောက် ကိုမင်းဟန် လားရှိုးရောက်သွား။ ထို့နောက် သူ့ရဲ့နာမည်ကျော် 'ဒီပရင်္ဂ' ကဗျာ ထွက်လာ။ တညနေသား ၃၄လမ်းထိပ်က ကိုအရှည်ကြီး လက်ဖက်ရည်ဆိုင်မှာ ကိုလေးမြတ်နဲ့ ကျနော် ထိုင်နေဆဲ ကိုလှသန်း ရောက်လာပြီး ကျနော်တို့ နှစ်ယောက်ကို ဒီပရင်္ဂ ကဗျာစာမူထုတ်ပြ 'မင်းတို့က အညာသားတွေမို့အရင်ပြတာ၊ အချက်အလက်တွေ မှန်ရဲ့လား” တဲ့။ ကျနော်က တမင်နောက်ချင်လို့ ဆိုင်ကယ်က ဘယ်လိုကျပျောက်မှာလဲဗျာ သော့မှမဟုတ်တာ' ဆိုတော့ "ဟေ့ကောင် ကဗျာထဲမှာ ဆိုင်ကယ်လည်း ကျပျောက်ခွင့် ရှိတယ်ကွ ဒါ ကဗျာ့အခွင့်အရေးတဲ့၊ ချက်ချင်း ပြန်ပက်တာ။ အဲဒီတုန်းက တင်းကျပ်လွန်းလှတဲ့ စာပေကင်ပေတိုင်ခေတ်မှာ အဲဒီကဗျာ မဂ္ဂဇင်းမှာ ပါလာတော့ သူ ပျော်လို့။ နောက် ပြည်ပအသံလွှင့်ဌာနတွေကနေ ဒီပရင်္ဂကို အဆက်မပြတ် အသံလွှင့်ကြတော့မှ စာပေစီစစ်ရေးကလူတွေ ပျာယာခတ်ကြ။ အဲဒီတုန်းက ကျနော်တို့တအုပ်စုလုံး စာပေစိစစ်ရေးကို ထိုင်ဟားကြ။ ထိုစဉ်က ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ဌေးအောင် ( လင်းထိပ်သျှင်) ကို ခေါ်ယူစစ်ဆေးခံရပြီး လင်းထိပ်သျှင် နာမည်ကိုပါ အယ်ဒီတာအဖွဲ့က ဖြုတ်ပေးခဲ့ရ။ သူ့ကဗျာ ကြောင့် လူတယောက် ဒုက္ခရောက်ရတော့လည်း သူ တော်တော် စိတ်မကောင်း ဖြစ်ရကြောင်း ပြောလို့။ အဲဒီ အသံလွှင့်ဌာနတွေကပဲ မုံရွာမှအပြန် သိပ်မကြာမီ ကဗျာဆရာလှသန်း ထွက်ပြေးတိမ်းရှောင်နေရပြီလို့ ထပ်ပြီးအသံလွှင့်တော့ သမ္မတကမ်းခြေမှာ သောက်စားနေကြတဲ့ ကျနော်တို့တဖွဲ့လုံး ပြုံးမိကြပေါ့။ သူ့ကလောင် နာမည်တွေ အမျိုးမျိုး ပြောင်းနေရဆဲ ကာလမှာပင် "နာမည်တွေ များတာက ယူဂျီရယ် လူလိမ်ရယ် နှစ်မျိုးပဲ ရှိတယ်" လို့သူကိုယ်သူလည်း ပြောထွက်ပါတယ်။ တခြားလူဆိုလည်း ပြောရက်လွန်းပါတယ်။ ကျနော်တို့ ဝိုင်းကို မျက်စိလည် ရောက်လာတဲ့ လူငယ်အယ်ဒီတာလေးတစ်ယောက်က သူ့ကို ကဗျာတောင်းတာ စကားမှားသွားလို့ သူက ပြောလိုက်တာ အယ်ဒီတာပေါက်စလေးမျာ ငိုယိုလို့ ပြန်တောင်းပန်ရတဲ့အထိပါပဲ။ ထိုသို့ လက်မရွံ့ကဗျာဆရာပေါ့။ ထိုသို့ နှုတ်မရွံ့ကဗျာဆရာပေါ့။
၄။
"ပင့်ဖလွိုက်နဲ့ အာရင်ဘတ်ကို သိခဲ့ရပြီးပြီပဲကွာ လူဖြစ်ရတာတန်ပါတယ်" လို့ သူ ကျနော့်ကို ပြောခဲ့ဖူးတယ်။ သူ့ အိပ်ရာဘေးက စင်ပေါ် မှာ CD တွေ အထပ်လိုက်။ စာအုပ်တွေအထပ်လိုက်။ မြေချစ်သူ ဘာသာပြန်ထားတဲ့ ဟိုးလုပ်ရဲ့ ကဗျာစာအုပ်လေးကို တရားဝင်စာအုပ်ထုတ်ချင်တဲ့ သူ့ဆန္ဒ။ ထို့နောက် ဂျာမန်စာရေးဆရာ ဂန်တာ့ဂရပ်ရဲ့ ဝတ္ထုကို ဂန်တာ့ဂရပ်ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ tin drum ရုပ်ရှင်။ ပြင်သစ်ယဉ်ကျေးမှုစင်တာက အနာဂတ်ဝါဒကြေညာစာတမ်း နှစ်တရာပြည့် စာတမ်းဖတ်ပွဲနဲ့ ကဗျာရွတ်ပွဲ။ ရေဝေးမီးသင်္ဂြိုဟ် စက်ထဲက "ငါတို့ခေတ်ရဲ့ ကဗျာဆရာကွ” လို့ အော်တဲ့အသံ။ မယ်ဇလီပင်လမ်းက ကြက်ခွေးတောက်။ ၄၂ လမ်းက အပါဂျာနီး။ သမ္မတ ကမ်းခြေက ကြာဇံကြော်။ ဂျက်ဒယ်နီရယ်။ ယုဇန မညိုဆိုင်က အဖြူရောင် တနင်္ဂနွေနေ့များ။ ဆရာ မောင်သင်းခိုင် မွေးနေ့ အလယ်ရိုးမ ကဗျာဆု။ ရန်ကုန်ပျဉ်းမနား အမြန်ရထားပေါ်မှ ထမင်းဆီဆမ်းနဲ့ ကြက်ကြော်၊ ကမ္ဘာအေး နဝဒေးရုပ်ရှင်ရုံက ဥရောပ ရုပ်ရှင်ပွဲတော်။ စသည်ဖြင့် ထိုသို့ ဆေးသားပျက်နေတဲ့ ဓာတ်ပုံ ဟောင်းတခုပမာ မှုန်ဝါးနေသော်ငြား မေ့ပစ်လို့ မရစကောင်းတဲ့ နှစ်ကာလတွေဟာ ဆွေးမြေ့ မသွားခဲ့ပါ။ မီးလောင်နေသော်ငြား ပြာမကျခဲ့ပါ။ သူက သွေးပြန်ကြောထဲ တိုက်ရိုက်မရောက်တဲ့ အနုပညာနဲ့ သူဟာ အဆင်မပြေခဲ့ဘူးဆို မဟုတ်လား။ သူက နားထင်ရောက်နေတဲ့ ခင်ဗျားတို့ရဲ့ သွေးကို သူက ခြေဆေးပစ်မယ် ဆိုမဟုတ်လား ။
နှင်းဆီဖြူ ဂျာနယ်၊ အတွဲ (၂) အမှတ် (၇)၊ မတ် ၂၀၁၆
Comments
Post a Comment