အေးငြိမ်းသာယာ ရှိပါစေ



I
မာပါစေ အဝေးက မိတ်ဆွေရယ် လို့
ဆုတောင်းရ အခါခါပေ
အေးမြသာယာရှိပါစေ။

အေးမြရယ်လေ
သာသာယာယာ ရှိပါစေ။

မရပ်နားဘဲ အဆုံးထိ သွားမယ့် လမ်းကို
ဘာဖြစ်လို့ မြန်မြန် ပြေးကြရမှာလဲ
လိုအပ်လို့လား
လှနေလို့လား
ခံစားမှု မြင့်မားလို့လား
အလှတရားဟာ
တဖြေးဖြေးရောက်ရှိလာမှာပါ။

မုတ်သုန်လေ ကြမ်းရှရှ
မင်းအရေပြားကို ထိတဲ့အခါ
သိလိုက်ပါ
တော်လှန်ရေးဟာ ရောက်လာတော့မှာပါ
မြောက်ပြန်လေ ချိုနုနုက
မင်း အသဲတွေ အေးခိုက်စေတဲ့အခါ
အဆုံးထိ တိုက်ပွဲဝင်ရမှာကို သိလိုက်ပါ
လေရူးနဲ့အတူ
နွေဦးဟာ ရောက်ရှိလာ


II
တောကြက်တွန်သံ
လှုပ်ခတ်နေတဲ့ သစ်ရွက်
မြည်နေတဲ့ ပုရစ်ကလေးတွေ
ချိုးကူသံ
ကျေးငှက်သာရကာ အလှပေါင်းစုံ
ရှုခင်းတွေဟာ
ငါ့လခွမ်း
မကြားဖူးတဲ့ ငှက်သံတွေရောပဲ
အေးငြိမ်းသာယာ ရှိလှတယ်

နေထွက်လာတဲ့အခါ
မင်းတို့တွေဟာ
ချုံကြားက တောင်ပို့ကြီးလို
တည်တည်တံ့တံ့ ရှိလှတယ်
အလှတရားဟာ
တဖြေးဖြေး ရောက်ရှိလာမှာပါ။

ဒီတော်လှန်ရေးအတွင်းမှာ
ကောက်ညှင်းအရက် သောက်ရလိမ့်မယ်လို့
သင် တွေးထားဖူးလိမ့်မယ်မထင်
သဲချောင်းရေ ချမ်းမြမြ
ခဏခဏ စိမ်ရလိမ့်မယ်လို့
သင် တွေးထားဖူးလိမ့်မယ်မထင်
စေတန်ရဲ့ နတ်ဆိုးတွေနဲ့ နပမ်းသတ်ရလိမ့်မယ်လို့
သင် တွေးထားဖူးလိမ့်မယ်မထင်
တော်လှန်ရေးက
သင့်ကို ဆွဲခေါ်သွားလိမ့်မယ်လို့
သင် တွေးထားဖူးလိမ့်မယ်မထင်
ချစ်၍ခေါ်ရာ
တ​ကောက်ကောက်​ လိုက်ပါသွားလိမ့်မယ်လို့
သင် တွေးထားဖူးလိမ့်မယ်မထင်
ချစ်နှမရေ
သျှောင်နောက်ဆံထုံးပါသလို
တော်လှန်ရေးနောက် သင် လိုက်ခဲ့​​ပေါ့။

ဆင်နေတဲ့ တိမ်တိုက်တွေ
ကြားနေတဲ့ သတင်းတွေ
မိုက်မဲတဲ့ အာဏာရူးများ
အ န ထုံထိုင်းတဲ့ ဒလန်များ
မီးခိုးမှိုင်းများ
အားလုံး အားလုံး
ဒါဟာ ခေတ်က ပေးတဲ့ သတင်းစကားတွေ
ဒါပေမယ့်
အလှတရားဟာ
တဖြေးဖြေး ရောက်ရှိလာမှာပါ။


III
ချောင်းနေတဲ့ မြွေဟာ
ဝတ်နေတဲ့ဖားနဲ့ မတွေ့ဘူး
ပြေးနေတဲ့ သမင်ဟာ
လိုက်နေတဲ့ မုဆိုးနဲ့ မတွေ့ဘူး
လည်နေတဲ့ ဘီးက
သွားနေတဲ့ နွားခြေနဲ့ မတွေ့ဘူး
ဝတ်နေတဲ့ ငုံးက
ပိုက်ထောင်တဲ့ ငနဲနဲ့ မတွေးဘူး
ပြေးနေတဲ့ ယုန်နဲ့
လိုက်နေတဲ့ ခွေးလည်း မးတွေ့ဘူး
အားဏာရှင်လည်း
လွတ်ရာလမ်းနဲ့ မတွေ့ဘူး
မျက်လုံးများနဲ့
မျက်လုံးများ တွေ့ရဖို့
အင်တာနက်က မမိဘူး။

လည်နေတဲ့ အဝိုင်းက
သံသရာ ကရွတ်ကွင်းမဟုတ်ဘူး
အင်တာနက်ကို
အာဏာရူးများ ကြားဖြတ်လိုက်ကြပြီ
လမ်းတွေကို ပိတ်ဆို့လိုက်ကြပြီ
ကိုဗစ်ကို ပြန့်နှံစေကြပြီ
စီးပွားရေးကို နှောင့်နှေးစေကြပြီ
ဆန်စပါးကိုစျေးကစားကုန်ကြပြီ
ဒလန်ကုမ္ပဏီများ ထောင်ကြပြီ
ပေါချောင်ကောင်း တင်ဒါတွေ ဆွဲကြပြီ
စျေးတွေကို ပိတ်ကြပြီ
မီးကွင်းတွေ ပစ်ကြပြီ
မှောက်မှားတတ်တဲ့ အကျင့်ပျက် အာဏာရူးတွေ
ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တော့
ကဗျာဆရာတွေက ပြောကြပြီ
တော်လှန်ရေးက နှလုံးသားမှာ ရှိတာဟေ့ လို့ အော်ကြပြီ
ခက်ပြီ ခက်သီ
ပေးဆပ်လိုက်ရတာတွေ များလွန်းလှ
ခက်လှပါလား
တော်လှန်ရေးက ရောက်ရှိလာမှာပါ

တက်သွားတဲ့ ကုန်စျေးနှုန်းတွေ
အလုပ်လက်မဲ့တွေ
အသက်မဲ့ ခန္ဓာတွေ
မိဘမဲ့ ကလေးတွေ
ကလေးမဲ့ မိဘတွေ
ပြန်မရနိုင်တော့တဲ့ ဘဝတွေ
ဒါပေမယ့်လေ
အလှတရားဟာ
တဖြေးဖြေး ရောက်ရှိလာမှာပါ။

အာဏာရူးတွေဟာ
မီးပုံထဲကို
ဇွတ်အတင်းတိုးဝင်နေပြီ
စစ်ရေးက တင်းမာနေပြီ
အေးအေးဆေးဆေး ထင်မထားနဲ့
ပြည်သူ့အာဏာ လုယူတယ်ဆိုတာ
အရူးထတာတမျိုးပဲ
ပြည်သူ့အာဏာဆိုတာ
လက်ခုပ်ထဲက ရေ မဟုတ်ဘူး
အိမ်ထဲက ကြက်မဟုတ်ဘူး
အိတ်ထဲက ဖားမဟုတ်ဘူး
အလှမွေးငါးမဟုတ်ဘူး
ဒါကို ငါတို့ သိတယ်
ငါတို့ ရုန်းကန်မယ်
အလှတရားဟာ
တဖြေးဖြေး ရောက်ရှိလာမှာပါ။

ကဗျာလှလှလေးတွေ
ရေးချင်တယ်
တိုင်းပြည် အေးချမ်းတဲ့အခါ
ကြယ်စုံတဲ့ကောင်းကင်ကို
ကြည့်မယ်
လေးတညှင်းညှင်းမှာ
သီချင်းတအေးအေး ဆိုညည်းမယ်
တိုင်းပြည် အေးချမ်းတဲ့အခါ
စိတ်လိုလက်ရ
မြေစွ သီးနှံစိုက်မယ်
တိုင်းပြည်အေးချမ်းတဲ့အခါ
အလှတရားဟာ
တဖြေးဖြေး ရောက်ရှိလာမှာပါ။


IV
ပေါက်ကွဲသံတွေကို နေတိုင်းကြားနေရတာပဲ
ကြာလာတော့လည်း
ပေါက်ကွဲသံမကြားရရင်
တခုခု ဟာနေသလိုပဲ
လက်ပြတ်ခြေပြတ်သတင်းတွေ
သေကြေတဲ့ သတင်းတွေ
သတင်းတွေဟာ မကြားချင်မှ အဆုံးပဲ
ဗြောင်းဆန်သွားတာပဲ
ခက်ခက်ခဲခဲ တည်ဆောက်ခဲ့တာတွေဟာ
ခဏလေးကို
ခဏလေးပဲ
ခဏလေးနဲ့ ကြေမွပျက်ဆီးသွားကြတာပဲ
တဖြေးဖြေးတော့ ပြန်လည် ရောက်ရှိလာမှာပါ
အလှတရားဟာ။

ပျံနေတဲ့ ဘေလုံးငှက်ကလေးတွေ
မသိရှာပေဘူး
တခါတခါ မသိတာကလည်း ကောင်းတာပဲ
တခါတခါ သိတာကလည်း ပစ်မှုမြောက်တာပဲ
တော်လှန်ရေးသမားတွေ ပုန်းနေတဲ့နေရာ
ငါသိတယ်ကွဆိုပြီး လက်မ တထောင်ထောင်လုပ်နေသူဟာ
ပြစ်မှုမြောက်တာပဲ
တခါတခါ မသိတာကလည်း
ပြစ်မှုမြောက်တာပဲ
တခါတခါကျတော့ တခါတခါပဲ
တခါတခါ နဲ့ တခါတခါ မတူဘူး
တခါတခါ
ပြစ်မှုရှိရင် ပြစ်ဒဏ်လည်း ရှိရမှာပဲ။

လေကတော့ အေးတယ်
စိတ်မအေးတော့ အိုက်တာပဲ
အိုက်စပ်စပ် ခေတ်ကြီးပေါ့

ကမ္ဘာကြီးလည်နေသလို
အရာရာ ရွေ့နေကြတာပဲ
ချောင်းထဲက ကျောက်စရစ်ခဲတွေလည်း
ရွေ့နေတာပဲ
ရေသယ်ရာနောက် လိုက်နေကြတာပဲ
အချိန်ဟာ ရွေ့နေတယ်
ခေတ်ကို ငါတို့ ဆန်တက်ကြရမယ်
လှော်တက်ကိုယ်စီ ကိုင်ဆောင်ထားကြလော့
အနာဂါတ်ကို ရှေးရှုပြီး
လက်ရှိအချိန်ကို အသုံးချရမယ်
ရေနဲ့အတူ ကျောက်စရစ်ခဲလေတွေ တလိမ့်လိမ့်
ငါတို့ကလေးတွေဟာ
လက်ထဲက ခဲတံကို ချွန်ထားကြရမယ်။


V
ခဏလေးပဲ
သစ်ရွက်လေးတရွက်ဟာ
ဝင်းဝါစို​​​​လဲ့ နုရွလာတယ်
စိမ်းလာတယ်
လေနဲ့အတူ လှုပ်ခတ်တယ်
ရင့်လာတယ်
ဝါလာတယ်
လေအဝှေ့မှာ
ကြွေကျတယ်
ခဏလေးပါပဲ
ခဏလေးတွေ ခဏလေးတွေဟာ
ပင်လယ်ကို ဖြတ်သန်းရတဲ့ ခရုလေးတွေလို
သဲထဲငုပ်တုပ် ခရုခွံလေးတွေလို
ငြိမ်လို့။

ဥပဒေကို ထင်သလိုပြောင်းလို့ရရင်
အဲဒါ ဥပဒေ မဖြစ်နိုင်ဘူး
နှုတ်စကားပဲ ဖြစ်မယ်
နှုတ်စကားကို ဥပဒေ လိုက်လုပ်ရင်
ထင်ရာစိုင်းတဲ့
အာဏာရူးတွေ ဖြစ်ကုန်မှာပဲ

အာဏာရူးတွေဟာ
လေအဝှေ့မှာ လွင့်ပါးရမှာပဲ
သူတို့လည်း မှိုဥတွေလိုပဲ
မနက်ပေါက်ပြီး
ညနေရောက်တော့ သွန်ကရော
အာဏာရှင်စနစ်ဟာ မကြာပါဘူး
အရာရာကို ပြည်သူကသာ နိုင်လိမ့်မယ်
နောက်ဆုံးတော့ ပြည်သူကသာ
နိုင်တာပဲ
ပြည်သူသာ အခရာ
အလှတရားဟာ
တဖြေးဖြေး ရောက်ရှိလာမှာပါ။

VI
ဇီးပင်လေးတွေ စိုက်ရင်
ဇီးသီးက ချိုမှာပဲ
ပိုးကျရင်တော့ ပိုးကိုက်မှာပဲ
ပိုးကိုက်ထားတဲ့ ဇီးသီးဟာ စားဖို့ခက်ခဲမှာပဲ
အထူးအးဆန်းလုပ်ပြီး
ပြောနေစရာ ဘာရှိမလဲ
ကျောက်စရစ်တုံးလေးတွေဟာ ရွေ့လျားနေတာပဲ
ကမ္ဘာကြီးကလည်း လည်နေတာပဲ
ကောင်ကင်က ကြယ်တွေ့လည်း
တညနဲ့ တည မတူဘူး
တူသယောင်ထင်ရပေမယ် မတူဘူး
အားလုံးရွေ့လျားနေတာပဲ
တလိမ့်လိမ့်
မိုးတိမ်တွေဟာ အမြဲတမ်း မမှောင်နိုင်ပါဘူး
မိုးတိမ်မဲတွေ ရွာချပြီးရင်
ကောင်းကင်ဟာ ကြည်လင်လာမှာပဲ
အမှောင်ဟာ လင်းလာမှာပါပဲ
ချစ်သူ မျက်ဝန်းလေးလို ကြည်လင်ဝင်းပ လာမှာပါ
ဟုတ်ပါတယ်
သစ်ပင်တွေဟာ လှပလာမှာပါ
တဖြေးဖြေးတော့ ရောက်ရှိလာမှာပါ။

ဝပ်နေတဲ့ ငုံးသိုက်ကို
ငါတို့ တော်လှန်ရေးသမားတွေက မဖျက်ဆီးကြဘူး
ဒါဆို သင်တို့ အောင်မြင်တာပဲ
အရာရာကို ဒီလိုပဲ စဥ်းစားရမှာပဲ
မိသားစုတွေ
ဘဝတွေကို သင်တို့ ကယ်တင်ကြတယ်
ဒါဆို သင်တို့ အောင်မြင်တာပဲ
အခက်အခဲကြားမှာ
ရှင်သန်အောင် နေကြတယ်ဆိုရင်
သင်တို့ဟာ အောင်မြင်တာပဲ
အမှန်တရားဟာ
အမှန်တရားဖြစ်တာနဲ့တင် အောင်မြင်တာပဲ
အလှတရားဟာ
တဖြေးဖြေး ရောက်ရှိလာမှာပါ။

VII
ရွာလေးဟာ အစကတည်းက လှနေတာပဲ
အကွက်ကျကျ အိမ်လေးတွေ
ပြုံးချိုချို လုံမလေးတွေ
ထမီတိုတို နှင်းစိုစို လေးတွေ
သနပ်ခါး ပါးကွက်ကြားလေးတွေ
ရွာလေးဟာ သူ့ဘာသာ လှပြီးသားပဲ

လူတွေက အေးပေမယ့်
စိတ်တွေက မအေးလှဘူး
ခေတ်ကို ဆန်ကြရမယ်
ရေဆန်ကို လှော်ရမယ်
ရိုးရိုးကုပ်ကုပ် ကြိုးစားအားထုတ်ကြရမယ်
ရွာလေးတွေကို ချစ်ရတယ်
တောင်တန်းတွေဟာ သာယာနေတာပဲ
တက်ကြည့်ရင်တော့
မနီးလှဘူး
ဒါပေမယ့် တက်ကြည့်ကြရမှာပဲ
အမြင့်ရောက်ရင်
မြင်ကွင်းစုံပေလိမ့်
ခြောက်ကမ်းပါးတွေက နက်လှတယ်
ဆင်းထားတဲ့သူတွေ ပြန်တက်လာကြမှာပဲ
တွင်းနက်နက်ထဲ
တက်သူတက် ဆင်းသူဆင်းပေါ့။

လုလင်ငယ်သွေး
ပြေးလော့။
ဖောရက်စ်ဂန်းလို ပြေးပေကရော့။
လုလင်ငယ်မောင် ရှောင်လော့
လုလင်ငယ်များ လွှားလော့
လုလင်ငယ်တသိုက်
ပြန်လည်တိုက်ခိုက်ကြလော့
အမှောင်ကို ထုခွင်းကြကုန်လော့
အလင်းခေတ်ကို ထုဆစ်ကြကုန်လော့

ဒီလိုနဲ့
ပြေးရင်းလွှားရင်း ရုန်းကန်ရင်း
ခေတ်ကြီးဟာ
တနေ့တော့ လှပလာမှာပဲ။



VIII
ဆက်ရန် 😍😍😍😍😍

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------