မနက်စောစီး တွေးမိတွေးရာ



2009 လောက်က မုံရွာသလ္လာထဲမှာ မိသားစုထမင်းဆိုင်လေးတခု ညနေခင်းနေဝင်ရီအချိန်မှာ ထမင်းစားတုန်းက အဖြစ်အပျက်လေး ပြောပြချင်ပါတယ်။ ဆိုင်လေးက အိမ်ရှေ့ လမ်းထိပ်မှာ တခါးပေါက်ဘေးမှာ ဖွင့်ထားတာ။ မိသားစုက အဲဒီခြံဝင်းထဲမှာပဲ နောက်မှာ အိမ်နဲ့နေကြတယ်။ ထမင်းစားရင်းနဲ့ တဖြည်းဖြည်း မှောင်လာတယ်။ မီးမထွန်းဘူးလား လို့ မေးတော့ ဆိုင်ရှင်က ဖယောင်းတိုင်လေး ထွန်းပေးတယ်။ အိမ်ဘက်ကတော့ လျှပ်စစ်မီးချောင်းတွေ ထွန်းထားပေမယ့် အိမ်ရှေ့ထမင်းဆိုင်လေး မှောင်နဲ့မဲမဲထဲမှာ။
ဘာဖြစ်လို့ ဆိုင်ကို ကျကျနန မလုပ်ဘဲ မှောင်နဲ့မဲမဲထဲမှာ ထားရတာလဲ။ ကျနော်က ''ဆိုင်မှာ မီးဆင်မထားဘူးလား'' လို့ မေးလိုက်တယ်။ ''မဆင်ဘူးအကို တဲ့။ လုပ်ငန်းသုံးမီတာက နှဆ။'' တဲ့ ။ အော် ဟုတ်ပေသားပဲ။ အရပ်ထဲမှာတော့ ပါဝါမီတာလို့ ခေါ်ကြတာ။ အိမ်သုံးဆို တမျိုး။ လုပ်ငန်းသုံးဆို ဈေးက ပိုကြီးတာပေါ့။ ဟိုပေးဒီပေးကလည်း ပိုများတယ်လေ။ မီတာအသုံးများလေ ဈေးတက်လေ။ စည်းပင်ကလည်း တမျိုး။ စည်ပင်အမှိုက်ကားကအစ တပိုင်တနိုင်လုပ်ငန်းက လာတဲ့ အမှိုက်ဆို အမှိုက်ကားက အော်ငေါက်ချင် ဘော်ဒါကြေးတောင်းချင်။ ကိုယ်ပိုင်လုပ်ငန်းလေးတွေဆို ဖိနှိပ်ချင်လိုက်ကြတာ။ ကျွန်တော်တို့ မန်းလေးမှာ ကျောင်းတက်တုန်းက အဆောင်ကို သတိရတယ်။ တကယ်တော့ အဆောင်တော်တော်များများက တရားဝင်အဆောင်လို့ ပြောလို့မရဘူး။ ရေစစ္စလီလုပ်မထားကြဘူး။ ဘာလို့လဲဆိုတော့ ရုံးလုပ်ငန်းတွေက အဆင်ပြေချောမွေ့မှု မရှိတော့ ဟိုကပ်ရဒီကပ်ရနဲ့ တချို့က လုပ်ဖို့ရာ ဝန်လေးတယ်။ ပြီး အဆောင်ဖွင့်တယ်ဆိုရင် လုပ်ငန်းသုံးမီတာ တမျိုး ဆိုတော့ ကြောက်ပြီးမလုပ်ကြတော့ဘူး။ ဆိုတော့ ကျောင်းသားတွေ လည်း အဆောင်အခွင့်အရေးမရဘူးပေါ့။ ဒါက သီးသန့်တစ်ကဏ္ဍ ဆိုတော့ ထားလိုက်အုံး။ အရင်းအနှီးချေးငွေထုတ်ပေးတတ်တဲ့ ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ကွာတာပေါ့။ အရင်းစစ်လိုက်တော့ ကျုပ်တို့ တတွေမှာ အတိတ်က အစွဲအချို့က မကျွတ်သေးဘူး။ စီးပွားရေးလုပ်ချင်သူကို ဘုံရန်သူလို ဝိုင်းမျက်စောင်းထိုး နှိပ်ကွပ်ချင်တဲ့ အစွဲ။ မေးငေါ့တဲ့အစွဲ။ ဆရာ နိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီပို့ ပေးပါ ဝထ္ထုထဲက ရထားကျိတ်ခံလိုက်ရတဲ့ မှောင်ခိုထန်းလျက်သည်မလေးနဲ့ မသိန်းရှင် ထန်းလျက်တောင်းလေးတောင် သတိရလိုက်မိရဲ့။ တလောကပဲ နိုင်ငံတစ်ခုမှာ Small business ဆိုတဲ့ လုပ်ငန်းငယ်တွေကို အားပေးမယ်ဆိုပြီး ရွေးကောက်ခံတဲ့ သမ္မတလောင်းတယောက်အကြောင်း တနေ့က ဖတ်လိုက်ရတယ်။ တနေ့က အကိုတယောက်က ပြောတယ်။ ''ငါ စီပွားရေးကုမ္ပဏီတခု ထောင်ချင်တာ ထင်သလောက်လုပ်လို့မရတဲ့ ဆိုင်ရာဆိုင်ရာ အကန့်အသတ်တွေ အများကြီးပဲ'' တဲ့။ အချိန်အခက်အခဲကြောင့် ဘာတွေ ဆိုတာကို သူနဲ့ မဆွေးနွေး လိုက်ရပါဘူး။ ကျုပ်ကတော့ ဒီကိစ္စမှာ စီးပွားရေးပညာရှင်တွေလောက် ဘယ်ဆွေးနွေးနိုင်မလဲ။ ပြီးတော့ နိုင်ငံတကာ ကုမ္ပဏီတွေမှာ မန်းနေးဂျင်းကိစ္စ စူပါဗစ်ရှင်းကိစ္စ အကြံပေးကိစ္စတွေ အတွေ့အကြုံ နှံ့ စပ်သူ ပညာရှင်တယောက်က ကိုယ့်နိုင်ငံကိုယ်ပြန်လာ အလုပ်လုပ်တော့ တနှစ်အတွင်းမှာ ဒီလိုပြောတယ်။ ''စိတ်ပျက်မိတယ် တဲ့ ။ နိုင်ငံခြားကုမ္ပဏီတွေက ဘယ်ပစ္စည်းနဲ့ ဘယ်နိုင်ငံကို ဘယ်လိုထိုးဖေါက်မယ်။ ဘယ်ကုန်ကြမ်းက ဘယ်နိုင်ငံက ဈေးသက်သာတယ်။ သယ်ယူတာက ဘလို စက်ရုံမှာ ကွာလတီကောင်းအောင် ဘလို ဆိုတာတွေကို အဓိက စဉ်းစားကြတယ်။ နေ့တိုင်း အချိန်တိုင်းလိုလို ဒါတွေပဲ စဉ်းစားတယ်တဲ့။ တွေ့ဖူးတဲ့ ဒီက ကုမ္ပဏီတချို့က ဘယ်သူ့ ဘာလက်ဆောင်ပေးပြီး ဘယ်လိုကပ်ရမယ် ဘသူက ဘာကြိုက်တယ် ဘလိုကန်ထရိုက်က ဘလောက်ရတယ် ဆိုတာကို စဉ်းစားတယ်။'' လို့ မှတ်ချက်ချသွားတယ်။ ဈေးကွက်က ရတဲ့ ဝင်ငွေ တနည်း ထုတ်လုပ်မှုက ရတဲ့ ဝင်ငွေ ကသာလျင် တိုင်းပြည်ကို ချမ်းသာစေပါတယ်။ အဂတိနဲ့ ရတဲ့ဝင်ငွေက faked income အလကားဝင်ငွေအတု တွေဖြစ်ပြီး နိုင်ငံကို မချမ်းသာစေပါ။ ပြောရရင် နိုင်ငံကို ငွေကြေးစီးဆင်းမှု မညီမျှတွေ ဖြစ်စေပါတယ်။ ငွေကြေးဟာ လူထုလူတန်းစား အလွှာအသီးသီကို ဖြတ်စီးသွားမှ နိုင်ငံ ချမ်းသာမှာ ဖြစ်ပေမယ့် အသားတင်ထုတ်ကုန်မရှိဘဲ အဂတိနည်းနဲ့ ရတာတွေဟာ တိုင်းပြည်ကို မချမ်းသာစေပါ။ တိုင်းပြည်ကို ဂုဏ်သိက္ခာကျစေသလို ပါဝင်ပတ်သက်သတွရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရတတ်ပါတယ်။ မလုံခြုံမှုနဲ့ နောက်ဆက်တွဲ အငုပ်စိတ်ကို ဖြစ်စေပါတယ်။ quality of life ခေါ် ဘဝရဲ့ ကျေနပ်မှု ကို ကျဆင်းစေပါတယ်။ အရည်အသွေးမပြည့်ဝတဲ့ စီမံကိန်းတွေက တိုင်းပြည်ကို မွဲစေပါတယ်။ အရင်းအမြစ်ပြုန်းတီးမှုတွေက တိုင်းပြည်ကို နာလန်မထူနိုင်အောင်ဖြစ်စေပါတယ်။ မွဲပြီဆိုရင် မွဲတဲ့အထဲ ချမ်းသာပါပေ့ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆွေမျိုးတွေ ပါတတ်ပါတယ်။ တကယ်တော့ ကျုပ်တို့အားလုံး အာရှမျိုးနွယ်တွေ ဆွေမျိုးတွေပဲ မဟုတ်လား။
လုပ်ငန်းတခုချင်းဆီတွေ လူတယောက်ချင်းဆီတွေဟာ သူ့တို့ရဲ့ ဖြစ်နိုင်ခြေအရှိဆုံး အစွမ်းကုန် (full potential) အထိ တိုးတက်ခွင့် အောင်မြင်ခွင့် ရှိသင့်ပါတယ်။ အကန့်အသတ်တွေဟာ လူသားတွေကို နစ်နာစေပါတယ်။ ဥပမာ နိုင်ငံခြားတက္ကသိုလ်တခုကို ခင်ဗျား သွားတက်လို့ ရပါတယ်။ ကျုပ်တို့ ဆေးတက္ကသိုလ်ကို စာတော်လျက်နဲ့ မှတ်ပုံတင်မရှိ မတက်ရလို့ ငိုနေတဲ့ ကလေးတယောက် တွေ့ဖူးပါတယ်။ တက္ကသိုလ်တခုမှာ လေးနှစ်တက်ပြီး ဘွဲ့ရချိန်မှ မှတ်ပုံတင်မရှိလို့ ဘွဲ့လက်မှတ်မရသူ တဦးတွေ့ဖူးပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာမှာ တက္ကသိုလ်တွေက ပြည်ပကျောင်းသားတွေကို လိုလိုလားလား ဖိတ်ခေါ်နေတာတွေ မကြားဖူးကြဘူးလား မသိ။ လူတယောက်ချင်းဆီရဲ့ လုပ်ငန်းတွေကို မကူညီနိုင်သရွေ့ လူတွေရဲ့ ဖြစ်လာနိုင်ခြေအလားအလာ ကို ဖိနှိပ်ထားသရွေ့ တိုင်းပြည်ဟာ မွဲမြဲ မွဲဦးမှာပါ။ ခေါင်းဆောင်ကြီးနဲ့ ပါတီက ပြောပြောနေတဲ့ ''ကိုယ့်အားကိုယ် ကိုးနိုင်အောင်'' ဆိုတာ ပြောလဲချိန်တန်ပြီ ဆိုတာတွေ အဲဒါတွေ ပါမှာပေါ့။ ''သူများကို လက်ဖြန့်တောင်းစရာမလိုအောင်'' ဆိုတာတွေဟာ ကျုပ်တို့ ပြည်သူတွေ အလေးထား လိုက်နာလုပ်ဆောင်ကြရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။
တနေ့ကပဲ ''စည်းစည်းလုံးလုံးနဲ့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့'' ဆိုတာကို ထပ်မံမှတ်သားလိုက်ရပါတယ်။ တကယ်တော့ တကယ်လုပ်ကြရင် မခက်လှပါ။ ကျုပ်တို့မှာ ရှေ့ဆောင်ကောင်း ခေါင်းဆောင်ကောင်းကို ရထားပြီ မဟုတ်လား။

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------