Posts

Showing posts from February, 2024

လှပစွာချို့ယွင်း

ရွှေပိုးအိမ်   (၁) မွေးဖွားမှုမှာ ကျောက်တုံးတစ်တုံး ရှိတယ် ငါ့ကို စောင့်ကြိုနေတာ ချောက်ကမ်းပါးအောက်ခြေက အဆုံးမရှိ လှပမှု ကျေးဇူးတရားရဲ့ အမည်နာမကို တကြော်ကြော်ခေါ်ရင်း  ပျော်ရွှင်မယ် တစ်ပတ်လည်လာမယ့် ဘီးကို ရေခဲစိမ်မျက်လုံးနဲ့  စောင့်ကြည့်မယ် မြက်တစ်ပင်ရဲ့ ကျိုးနွံခြင်းနဲ့ ရှင်သန်မှုကို ဖွင့်ဆိုမယ် ။ ။ (၂) မနက်ခင်းဟာ ငါ့ကို နှုတ်ဆက်မသွားဘူး  အချိန်တန်ရင် သူ ပြန်လာလိမ့်မယ် မနက်ခင်းကို ငါ နှုတ်ဆက်မသွားမိ ပြန်မလာလမ်းကို သွားခဲ့ရတဲ့အခါ။  (၃) သိုးကျောင်းသားရဲ့ ပညာသားပါတဲ့ အထိန်းအကွပ်မှာ ရုပ်သဏ္ဍာန်ဟာ ဖြူဆွတ်ရောင်အမွေးနဲ့ သိုးတစ်ကောင်အဖြစ် မူလီတစ်ခု ပြုတ်ထွက်သလို သိမှုနဲ့ ကင်းကွာသွား ငါ့ အစိတ်အပိုင်းတစ်ခုချင်း လေထဲမှာ မတင်မကျ မျောနေပုံ သိုးကျောင်းသားဟာ ကမ္ဘာမြေဝတ်ရုံကို မချွတ်တမ်းဝတ် သူ့စိတ်ရဲ့ ဗဟိုချက်တည့်တည့်က နူးညံ့မက်မောဖွယ်စွမ်းအားမှာ မြေခွေးတွေ၊ ဝံပုလွေတွေ၊ ကောက်ကျစ်သော ကျားနာတွေ ဘယ်လိုမှ ရယူနိုင်မည် မဟုတ်သော သိုးနှလုံးသားရဲ့  အနုမြူလို ဖမ်းဆုပ်ခြင်းမဲ့ နက်ရှိုင်းမှု။  (၄) မပျော်ရွှင်တော့ဘူးဆိုတာ သေချာရင် သေခြင်းတရားဟာ ပျော်ရွှင်ဖွယ်လွတ်မြောက်နယ်မြေ...

ဂစ်တာနဲ့ လူငယ်များ

------------------ ပိုင် ညလမ်းမပေါ် မှာ ဂစ်တာထမ်းပြီး ထွက်လာကြတယ် ကောင်းကင်က ကြယ်တွေကို သူတို့ပဲ မြင်နိုင်တယ် အမှောင်ထုထဲက အိပ်မက်တွေကို စမ်းတဝါးဝါး ရှာဖွေရင်း သီချင်းတွေနဲ့ သူတို့ကြီးပြင်းကြတယ် ငယ်ဘဝကြယ်တွေက ဝေးဝေးမှာ ကျန်ရစ်တဲ့အခါ သူတို့ဂစ်တာသံတွေလည်း တိတ်ဆိတ်သွားတယ် အဲဒီအခါ သူတို့သီချင်းတွေကလည်း အိပ်မက်ကို မရှာဖွေတော့ ဘူး ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ၁၉၉၉

အသက်ရှင်ခြင်း သီချင်း

------------------- သုခမိန်လှိုင် အို..ဒီကမ္ဘာမြေပေါ် မှာ ငါ မရှိတော့တဲ့ မိုးဥတု တစ်ခုလည်း ရောက်ရှိဦးမှာ ပါ ။ ငါ မရှိတော့တဲ့ ရာသီများ ပိုပြီး လွမ်းနေမလား နှင်းဆီတွေ မွှေးမြဲ လရောင်တွေ အေးမြဲ ဒုက္ခတရား တွေ သူတို့ သီချင်းတွေလည်း  ဆက်လက်အောင်မြင် ဆဲ ဒီလိုပဲ ဖြစ်မှာ ပါ ။ သေခြင်းတရားမှာ မနာရတော့ပါ ရှင်ခြင်းမှာ နာကျင်ခြင်းရှိလေရဲ့ တိမ်ပြာပြာ မိုးကုတ်စက်ဝိုင်း အောက်မှာ တော့ (၈၅ နှစ် အဖေ့ထံ ၅၁ နှစ်သားက အပြန်) ချစ်ခြင်းမေတ္တာ အခင်းအကျင်း ရှုမျှော်ခင်းတွေ တစ်မျှော် တစ်ခေါ် နဲ့ ငါ့ အတောင်ပံတွေ မညောင်းသေးပါဘူး ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ၁၉၉၀

ဆင်ခြေဖုံး

  ------------ ဇော်ထိန် မီးလင်းတဲ့ လက်ဖက်ရည်ဆိုင်ကို  ထွက်လာခဲ့ကြတာပေါ့ ။ အိမ်တွေကတော့  အမှောင်ထဲမှာ ကျန်ခဲ့ပြီ ။ ခြောက်သွေ့မှုဟာ  ငါတို့အပေါ်ကို ညီညီညာညာ ကျရောက်လို့ ။ ငြီးငွေ့မှုကိုတော့ အ၀င်မဆိုးအောင်  အချိုရည်ရောပြီး မျှောချခဲ့ကြ ။ ရော့ခ်သီချင်းတွေဆိုရင်း ငိုခဲ့ကြတယ်  ဟစ်ဟော့ပ်တွေဆိုရင်း ရယ်ခဲ့ကြတယ် ငါတို့ဖွဲ့သီကြ ၊ ပြီးတော့ ငါတို့ ပြန်အန်ထုတ်ပစ်ကြ ။ လွမ်းပဲ လွမ်းနေရ ။ 'ညဟာ ညထက် ပိုပြီးမှောင်လာခဲ့ပြီလေ' အိမ်လား အိမ်မပြန်ချင်သေးလည်း အိမ်ကိုပဲ ပြန်ခဲ့ကြရတယ် ။ စတိုင်သစ် မဂ္ဂဇင်း ၊  မတ်လ ၊ ၂၀၀၄

ခြင်

  ------------ ထွန်းဝေမြင့် ဘုရားသခင် ဖန်ဆင်းတဲ့ အထဲမှာ ခြင် ဘာကြောင့်ပါရသလည်း ဘုရား သခင်ဖြေတော်မူလေ၏။ ဩကာသ လောကထဲမှာ အဓိပ်ပါယျ မဲ့ ပေါ်ပေါက်လာတဲ့အရာ မရှိ။ သြော် ခြင် သူ သွေးစုတ်ချင်တယ်ဆိုတာ သူ့အစာသူရှာစားတာပါပဲ လေ။ ဒါပေမယ့် လူနဲ့ခြင် ဟာ ဘယ်တော့မှ ချစ်ကြည်ရေး လုပ်လို့မရ။ ခြင်က ငါ့ကို အနာရောဂါ ပေးတယ် အဖျား ဝေဒနာပေးတယ် ။ ဒီတော့  ငါ့ ကိုလာလာ ကိုက်တဲ့ခြင် ငါ ရိုက်ချတာလည်း မှန်တယ် ။ ။ ရုပ်ရှင်တေး ကဗျာမဂ္ဂဇင်း ၁၉၉၈

သတိရရင် ဖုန်းဆက်ပါ

  -------------------- အောင်နှင်းသစ် ငါ ဖျားပြီ ဆိုတဲ့ စာတစ်ကြောင်းကို ရေးလိုက်ပါတယ် ကမ္ဘာဆွေးကြီးထဲက လူတစ်ယောက် ဖျားနေပြီ ဆေးဆိုင်က စပ်ဆေးကို ရှောင်ပါဆိုတဲ့ စကားကို အမှတ်ရရင်း ဆေးခန်းရှေ့က ဖြတ်လို့ စပ်ဆေးသောက်ဖို့ ပြတ်သားရပြီ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိပဲ လူ အဖြစ်ရောက်ခဲ့ ၊ ရခဲ့ သူ ကမ္ဘာဆွေးကြီးထဲကနေ အသစ် အသစ် လို့ သံကုန်အော်ခဲ့ သူ ဆာလောင်မှုတွေနဲ့ လောင်ကျွမ်းခဲ့သူ ဟာ ခု ဖျားနေပြီ ဖျားနေသူ ဟာ မြို့အဟောင်း လမ်း အဟောင်း ပေါ် တဝဲဝဲ လည်ရင်း မစားရ ဝခမန်း တိုင်းပြည်သတင်းတွေ နဲ့  နေ့တွေထဲ ရောက်ရှိလျက် ဒီလိုပါပဲ နဲ့ မဆိုးပါဘူး ကြားမှာ အတွေးဘဝဟာ ကူးယှက်သွားလာ လို့ ဖုန်းဆက်ကြည့်တော့လည်း မရေရာတဲ့ အဖြေနဲ့သာ အဆုံးသတ် အေးဗျာ..... ခင်ဗျားတို့ မြို့မှာလည်း  ကျွန်တော်တို့ မြို့က လို စျေးဆိုင်ခန်းတွေ နဲ့ မြင်ကွင်းဟာ ဒီပုံစံပဲ ဆိုတော့ မြင်ယောင်ကြည့်လည်း ဒီအတိုင်းပဲ နေမှာ ဖျားနေပြီဆိုတော့ ဆေးတော့သောက်ရမှာ အလုပ်တစ်ခုခု ရှိမှပဲ ချစ်သူ ရီးစားလေး ဘာလေး ရှာပေါ့ လို့  တွေ့ရင် ပြောလိုက်စမ်းပါ ဗျ ။ ခေတ်ပေါ် ခေတ်ပြိုင် ကဗျာ စုစည်းမှု အချို့ ၂၀၁၉

ပန်းဆိုးတန်း

             မောင်ကိုကို(အမရပူရ)           ငယ်စဥ်က   ပန်းဆိုးတန်းမှာ စာအုပ်ဟောင်း တပုံတပင်ကြီးကို မြင်ဘူးရာကနေ ငါက ရန်ကုန်ကို စိတ်ဝင်စား။ငါက ရန်ကုန်ကို ရောက်လာ။ဒီပန်းဆိုးတန်းကပဲ Hemingway ရဲ့ ဝတ္ထုတိုတွေ ငါ ရဘူးတယ်။ဂျိမ်းဂျွိုက်စ်ရဲ့ ဒပ်ဘလင်နာကို သုံးကျပ်နဲ့ ငါ ရဘူးတယ်။Holubရဲ့ selected poems ကို ငါ ရဘူးတယ်။ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာစာအုပ်ကို ငါ ရဘူးတယ်။ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းကပဲ စာအုပ်ကောင်းတွေ ငါ ရဘူးတယ်။ပန်းဆိုးတန်းမှာ စာအုပ်အဟောင်းဆိုင်တွေနဲ့ နီးတဲ့ မြစံပယ်လက်ဖက်ရည်ဆိုင်မှာ မနက်မနက် ငါ ထိုင်သလို၊ Rangoon Tea House မှာလည်း ငါ ထိုင်တယ်။ဗြိတိသျှအစိုးရခေတ်ကတော့ Phayre street (ဖယ်ယာလမ်း) ပေါ့။ ပဲခူးတိုင်းရဲ့ ပထမဆုံး ဝန်ရှင်တော်မဟာမင်းကြီး ဆာအာသာဖယ်ယာ ကို အစွဲပြုပြီး ဖယ်ယာလမ်းလို့ ခေါ်ခဲ့တာလို့ သိရတယ်။              ထားပါတော့ကွယ်။ကိုယ်တို့ကတော့ ပန်းဆိုးတန်းမှာ ညနေဆို ပျော်ရတာကို အကြိုက်ဆုံးပေါ့။အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်လမ်းကြားက ပန်းဆိုးတန်းလမ်းမဘေးက စားသောက်ဆိုင်တွေပေါ့။အခု ပြန်တ...

အောက်တိုဘာ

  ------------- မိုဃ်းဇော် နာရီတွေကရပ်နေတယ် ငါက သွားနေတယ် မီးတွေ သေနေတယ် ငါက လောင်နေတယ် မြစ်တွေက တန့်နေတယ် ငါက စီးနေတယ် တိမ်တွေက ငြိမ်နေတယ် ငါက ပြေးနေတယ် ပုရစ်တွေက တိတ်နေတယ် ငါက အော်နေတယ် ကြယ်တွေ အိပ်နေတယ် ငါက နိုးနေတယ် နေ့ မရှိတော့ဘူး ည မရှိတော့ဘူး အိမ် မရှိတော့ဘူး ယာ မရှိတော့ဘူး လှေမှောက်သွားတဲ့  လှေစီးဒုက္ခသည်တစ်ယောက် လို အောက်တိုဘာ ။ ကဗျာလောက စုစည်းမှု ၇ ၂၀၁၇

မတည်ဆောက်ရသေးတဲ့ ကမ္ဘာ

အာပူးရဲ့ကမ္ဘာကို ကြည့်ခဲ့ပြီ ခရစ္စတီးနားရဲ့ကမ္ဘာကို ကြားခဲ့ပြီ ဆူဇီဝေါင်းရဲ့ကမ္ဘာကို မြင်ခဲ့ပြီ ဆိုဖီရဲ့ကမ္ဘာကို ဖတ်ခဲ့ပြီ ကျွန်တော့်ရဲ့ကမ္ဘာကို ဘယ်လိုအာကာသမှာ တည်ဆောက်ရမှာလဲ နူဘီယန်ကျွန်တစ်ယောက်လို နေခဲ့တယ် ဘိုဟီးမီးယန်းတစ်ယောက်လို နေခဲ့တယ် စတာလင်ခေတ် ကဗျာဆရာတစ်ယောက်လို နေခဲ့တယ် ကျွန်တော့်ရဲ့ ကမ္ဘာကို ဘယ်လိုအာကာသမှာ တည်ဆောက်ရမှာလဲ ဂျင်းနစ္စဂျိုပလင်ကို သဘောပေါက်ခဲ့တယ် ဖရက်ဒီမာကျူရီလို သဘောပေါက်ခဲ့တယ် တတိယလိင်ကို သဘောပေါက်ခဲ့တယ် ကျွန်တော့်ရဲ့ ကမ္ဘာကို ဘယ်လိုအာကာသမှာ တည်ဆောက်ရမှာလဲ သူတော်စင်တစ်ယောက်လို အတောင်မပေါက်ခဲ့ဘူး တစ်ခါမှ လူ့လောကကြီးကို သစ္စာမဖောက်ခဲ့ဘူး  လူပျိုပေါက်ကတည်းက အနုပညာနဲ့ မှောက်မှားမိခဲ့တယ် အို.... အယ်လ်ဗင်တော်ဖလာ ခင်ဗျား သိပ်နောက်ကျသွားပါပြီ။   ။ လှသန်း - ကဗျာပေါင်းချုပ်

ကမ္ဘာကြီးနောက်ကို လျှောက်မလိုက်နိုင်ဘူး မေမေ

ကမ္ဘာကြီးနောက်ကို လျှော​က်မလိုက်နိုင်ဘူး မေမေ ကျွန်တော့်နောက်ကိုသာ ကမ္ဘာကြီး လျှောက်လိုက်စေချင်တာ အဲဒီအတွက် ဒဏ်ရိုက်ခံရမယ်ဆိုရင်လည်း ခံလိုက်မယ် အင်တာနက်ခေတ်မှာ အင်ဗာတာတောင် မသုံးနိုင်လို့ ဖယောင်းတိုင်နဲ့ နေခဲ့ရတဲ့ ညတွေလည်း များလှပါပြီ ကမ္ဘာရွာကြီးထဲမှာ တစ်နေ့တခြား တံငါတွေ များများလာ မုဆိုးတွေ များများလာ အဲဒီကြားထဲမှာ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး မဖြစ်ခဲ့တာကိုပဲ ဂုဏ်ယူပါရစေ ဟိုဟာ လမ်းညွှန် ဒီဟာ လမ်းညွှန် လမ်းညွှန်စာအုပ်တွေ အလယ်မှာ ကိုယ်သွားရမယ့် လမ်းကို ကိုယ့်ဟာကိုယ်ပဲ ရှာဖွေ ရွေးချယ်ခဲ့ပါတယ် အိမ်ခန်းထဲ ပြန်လှည့်ကြည့်လိုက်တော့လည်း ဇိမ်ခံပစ္စည်းဆိုလို့ နှဲ့နေတဲ့ ပက်လက်ကုလားထိုင်အို တစ်လုံးရယ် ဓာတ်ခဲရေဒီယိုလေး တစ်လုံးရယ် ဆေးပေါ့လိပ်တိုတွေပဲ ရှိပါတယ် စျေးကွက်စီးပွားရေးခေတ်မှာ ပဲပြုတ်နဲ့ ဝေးခဲ့ရ ပဲပင်ပေါက်နဲ့ ဝေးခဲ့ရ နောက်ဆုံး စျေးနဲ့တောင် ဝေးခဲ့ရပါပြီ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာကြီးကို မေမေ့ကို ကျွန်တော် ဘယ်လိုရှင်းပြရမလဲ တစ်ခါတလေ နောက်ဘဝကို မေ့နေသလို အနာဂတ်ကို မေ့နေမိတယ် ဒါပေမဲ့ တတိယလှိုင်း ဆိုတာကြီးက ကျွန်တော်တို့ ထမင်းဝိုင်းထဲ ဝင်လာခဲ့လေပြီ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးနောက်ကို လျှောက်မလ...

ရေကူးခြင်း

  ------------ မင်းသန့်စင် မင်းက ကွမ်းယာစားတယ် ငါက ဆေးလိပ်သောက်တယ် လူတစ်ယောက်မှာ အကြိုက်တမျိုး ငါတို့ ထိုးမိခဲ့တဲ့  ဆေးမင်ကြောင်က ကဗျာ မင်းလည်း သေရာထိအောင်ပါမယ် ငါလည်း သေရာထိအောင် ပါမယ်။ ဆေးလိပ်မှာ  မီးတမြေ့မြေ့ လောင်ကျွမ်းနေပုံ အဆုပ်ထဲ ကွမ်းယာ ဖန်စိမ့်စိမ့်ကို တမြုံ့မြုံ့ ဝါးပြီး ထွေးထုတ်လိုက်တော့ အရသာဆိုတာ ကိုယ်တိုင်သုံးစွဲဖူးမှ သိမယ် ဒါကို ငါတို့ ချစ်မက်ခဲ့ကြ။ မင်းက လက်ဖမိုးဆို ငါက လက်ဖဝါး ငါလည်း လက်ပွားအပိုမပါဘူး မင်းလည်း လက်ငုံးတိ မဟုတ်ဘူး။ ငါတို့ ဖူးမျှော်ခဲ့သော် ဘုရား ငါတို့ နှလုံးသားဖြင့်သာ ပူဇော်ခဲ့။ ကေကြီးရေ ကေမျိုးငြိမ်းရေ မိုက်တွင်းနက်မှုမှာ ဒါဟာ အရသာအရှိဆုံး မင်းလည်း ယုံကြည်ခဲ့ပါတယ် ငါလည်း ယုံကြည်ခဲ့ပါတယ်။ ပင်လယ်မှန်ရင် နက်ရှိုင်းစမြဲ ငါတို့ ရဲဆေးတင်ပြီးပြီ လက်ပစ်ကူးစို့။ ပိတောက်မြေ၊ ဩဂုတ်၊၂၀၀၄

တောင်သမန်

  ကေမျိုးငြိမ်း လိပ်ပြာများ မြူးတူးရာ ။ ငယ်စိတ်များ  ပျံသန်းရာ ။ ငတ်ကြီးကျခဲ့သမျှ ည ကြီးများ နက်ခက်ရာ ။ ဒဏ်ရာ  ပေါ်မှာ တံတားပုံစံ ချုပ်ရိုးရာနဲ့ အခု ငါတို့အရိပ်တွေ ပေါ် ဆံပင်ဖြူတွေ ဘယ်သူစိုက်သွားပါလိမ့်။ တောင်တွင်းကဗျာ ၊အမှတ် ၄

ဆတ်သွား

Image
    ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားနဲ့ အသားနီနီ ယာတောများက မီးခိုးလုံး တောစိမ်း ချောင်းနက်နဲ့ မှော်သားပြည့်သိပ် လေတွေ သူ့အဆုတ်ကြီးထဲ ရှုသွင်းပစ်လိုက်တဲ့ ဒီ မြင့်ချည်နိမ့်ချည် အသက်ရှုမြင်ကွင်းထဲ လက်တံရှည်ရှည်ကြီး ထိုးသွင်းလိုက်သလို ရထား၀င်လာပြီ ဒါ ဆတ်သွားပေါ့။ နီပြေပြေ ဝါကျံကျံ မန်ကျည်းပွင့် သေးညှက်ညှက်ကလေးတွေ အုတ်ကန် အအိုအမင်းကြီးထဲ တစိမ့်စိမ့် တလိမ့်လိမ့် အနှေး အရာအားလုံး ထွားကျိုင်း ၀ဖီး ခိုင်ဖြီးလွန်းလှတဲ့ ဓာတ်တမျိုး ထွန်းကားတဲ့ ဒီအရပ်မှာ ဒါ ဘယ်သူစပ်တဲ့ ကဗျာတဲ့လဲ ဒါဟာ ဆတ်သွားပေါ့။ တခါကပေါ့ ကျေးတောသားတယောက်ဟာ မြို့ကနေပြီး မြို့အဆန်ဆုံး ကိုင်းတကိုင်း ယူလာ သူ့ယာခင်းထဲ ကြဲချလိုက်တဲ့အခါ မြို့ကိုင်းဆိုတဲ့ ရွာကြီးတရွာ ဖြစ်လာခဲ့ ဒီ အရပ်မှာ။ ဒီမလေ မူလက ဒါဟာ ဆတ်တကောင်ရဲ့ သွားပေါ့။ ခုတော့ မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား ကလေးအမေတယောက်ရဲ့ နို့ပိန်နဲ့တူတဲ့ ဘတ်သီးတွေ မမှန်မကန် လင်းတတ်တဲ့နေရာ ကျောမှာ အမာရွတ်ကြီးလို အဝေးပြေးကားလမ်းမ ခါးမှာ မီးရထားသံလမ်း ခါးပတ်ပတ်လို့ ဗိုက်ထဲမှာ မြို့ရဲ့ ချွေးခံအင်္ကျီနဲ့တူတဲ့ ဘီးလိယက်ခုံတခုံ ခုန်လို့ မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ။ သင်တို့မြင်ဖူးစ သင်တို့စိတ်တွ...

မောင်ချောနွယ်ရဲ့ ကဗျာရှည်( ၇) ပုဒ်

====================== (၁) လူကြိုက်နည်းတဲ့ကောင်‬ (၂)အထက်တန်းကျတဲ့ရေ (၃) ရထား (၄) ကြမ်းပိုးများတဲ့အိပ်ရာ (၅)ခုတ်သားစများ (၆) စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့ (၇) အခွန်တော်မဲ့ ရာသီဥတု ------------------------------------------------- လူကြိုက်နည်းတဲ့ကောင်‬ ============== ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိ ရေချိုငါးသလောက်ကြီးက ၁၈ကျပ်တဲ့ ။ နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့ ငဖျင်းက ၂၈ကျပ် ဈေးတဲ့ ။ ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ် ။ ဘာဖြစ်လို့များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့ ရေချိုငါးသလောက်က ဈေးနည်းနေရတာလဲလို့ ။ လူကြိုက်နည်းလို့တဲ့ ။ ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့ ။ ဟုတ်ကဲ့ မောင်ချောနွယ်ဟာ လူကြိုက်နည်းတဲ့ကောင် ။ မိုက်ရိုင်း ထွားကျိုင်းလှချည်ရဲ့ မတ်တပ်စာတောင် မဖူမလုံနဲ့ကောင် တုံးလုံးစာ ဝေလာဝေးလို့ ခန္ဓာကိုယ်နဲ့ ကောင်လေ။ ဘယ်လိုလဲ ဆိုတော့ကာ အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ် သန်းတွေ တရွရွ တစိစိ ပွတက်နေသလိုမျိုးလေ ကဗျာတွေက သူ့ကိုယ်ပေါ်မှာ။ အပေါစား ရက်စတော့ရင့်တွေက အလကားရတဲ့ ဆာဒါးဟင်းချိုရည်တွေနဲ့ သူ့ဘဝကို မတည်ဆောက်လိုဘူးတဲ့။ ဒါပေမယ့် ခက်ရပုံ...

သူချစ်ရတဲ့ကောင်းကင်ရဲ့ချစ်စဖွယ်အပြာရောင်

_________________________________________   သူချစ်ရတဲ့ကောင်းကင်ရဲ့ချစ်စဖွယ်အပြာရောင် နေ့ရက်တိုင်းဟာ သူ့အတွက် ချစ်ဖို့ကောင်းတဲ့အရာတခု သာမန်လူတွေနဲ့ပေါင်းဖော်ပြီး သူ့လမ်းခရီးကိုသွားရတာ သူ့ကို အသစ်တဖန် ဝမ်းမြောက်ခြင်းဖြစ်စေတယ်။   ညနေခင်းရဲ့ အညိုရောင်တောင်ကုန်းတွေ၊ ကြယ်တွေရဲ့ တောက်ပတဲ့ ထွန်းလင်းမှုတွေက သူ့အတွက် လုံလောက်တယ်။ သူ ပေါင်မုန့်စားတယ်။ သူစိမ်းတယောက်ရဲ့ ကရားအိုးနဲ့ လင်ပန်းထဲက တန်ဖိုးထားရတဲ့ ရေကို သူ နှစ်သက်ခဲ့တယ်၊ သောက်ခဲ့တယ် ပြီးတော့ ရောင့်ရဲခဲ့တယ်။   ရွာပေါင်းများစွာထဲမှာ သူက ရွာတရွာကိုပဲမြင်ခဲ့တယ် အရပ်လေးမျက်နှာက လေတွေထဲမှာ၊ ရာသီတိုင်းမှာ။ သူ့ရဲ့ ပျော့ပျောင်းတဲ့ မြက်တွေ၊ မာကျောတဲ့ ကျောက်တုံးတွေဟာ သူ့ရဲ့အချိန်တိုတိုလေးအတွက် သူ့အပေါင်းအဖော်တွေ ဖြစ်ခဲ့တယ်။   နောက်ပိုင်းမှာ သူဟာ ရွာနဲ့ သူ့ပတ်ပတ်လည်က ထွန်ယက်ထားတဲ့ လယ်ကွင်းတွေရယ် ကောင်းကင်ရယ်ကို မေ့လုမတတ် ဖြစ်လာခဲ့တယ်။ သူ့မှာ သူ့လက်တွေ ရှိသလို သူ သူတို့ကို ရှိထားခဲ့တာ၊ အမြဲတမ်း။ မြက်ပင်ကလည်း သူပေါက်ရောက်ရာ မြေကြီးအကြောင်း နည်းနည်းသိတယ်။   ဗားတော့ဗရက် မြန်မာပြန်ဆိုသူ – မိုးသစ်ဝေ The lovely blue of his beloved sk...

ပျော်ရွှင်မှုဆိုတာ

ငါတို့ စိတ်ညစ်ခဲ့တာတွေ  ငါတို့ ကြေကွဲခဲ့တာတွေ ငါတို့ နာကျည်းခဲ့တာတွေ ငါတို့ ဆုံးရှုံးခဲ့ရတာတွေအတွက် တစ်ချိန်ချိန်မှာ ပြန်ရမယ့် နစ်နာကြေးပါပဲ ။ တစ်နေ့ ငါတို့ ပျော်ရွှင်ကြမယ် လော်စပီကာလို ကျယ်လောင်မှုမျိုးနဲ့ တစ်နေ့ ငါတို့ ပျော်ရွှင်ကြမယ် မော်တာလို အဆက်မပြတ် လည်ပတ်မှုနဲ့ တစ်နေ့ ငါတို့ ပျော်ရွှင်ကြမယ် မြစ်ထဲက စင်ရော်တွေလို လွတ်လပ်မှုနဲ့ … လှသန်း

မိုးမမမေမီမီကျော်မြင့်

ကေဇဝင်း လေက သစ်ရွက်ကို ပွတ်သပ်မိသလို မင့် ကျကွဲသံကို ကိုယ် ကြားတာပေါ့ မီမီ မင့် သွေးသံတရဲရဲမှာ ကိုယ် တရားဓမ္မ ပျောက်တာပေါ့ အချစ်က အများကြီး လူက နောက်ထပ်တယောက် မရှိ ဒဏ်ရာချင်း ငြိမိရင် ပိုပြီး သွေးထွက်တယ် မီမီ ကိုယ်က လီဆယ်ထားတဲ့ မိုးတိမ် ကျိန်စာသင့်နေတဲ့ ဘဝ မင့် အပေါ် ကိုယ့် ငရဲတွေ ပြိုကျလာတော့မှာ မင့် ဆီ အိပ်ရေးပျက်ညတွေ တသီတတန်းကြီး ရောက်လာကြတော့မှာ မခေါ်နှင့်ခင် မင့် ပြန်လှည့်ထွက်သွားပေါ့ မီမီ အသက်လောက် ချစ်ဖို့ဆို အသက်ကိုပဲ ပေးရတယ် မီမီရဲ့ ကိုယ်က ပျံသန်းတတ်ခြင်းမှာ ဆွေးမြည့်နေပြီးသား ငှက်ပါ အိပ်ရာခင်းတခုပေါ် ပြိုကျနေပြီး သဲကမ်းပါးပါ မင့်မှာ ကိုယ် ကြံရာမရ ဖြစ်နေပြီ ပြေးတော့ မီမီ ။ #ကေဇဝင်း July 29, 2020  12:08  AM

ဟိန်းမြတ်ဇော်

------------- ဝေးခေါင် တကယ် ပါ စိုက်ပျိုးရေးသမား ဖခင်ဆီက အပင်ချစ်စိတ်ကို အမွေရထားတာပါ တကယ်ပါ မျက်ရည်ကို ကျည်ဆံလုပ်ပြီး ကျောက်တုံးကို သေနတ်နဲ့ ပစ်သူပါ တကယ်ပါ မိုးရွာကြီးထဲ ပန်းအိုးရွှေ့နေတာပါ တကယ် ပါ တစ်ယောက်ထဲ ခြောက်ခြား နေသူပါ တကယ်ပါ ရန်ကုန်မြို့ကြီး မှာ အချိန်မရွေး ဆက်သွယ်လိုက်ပါ ။ *ဘာမှ မ ရတဲ့ ဘဝတော့ မဟုတ်ဘူး သတိရတယ် ကဗျာစာအုပ် ၊ဝေးခေါင်၊ ၂၀၁၆