--မြန်မာစာပေ လေ့လာတဲ့အခါ ပါဠိနဲ့ သက္ကတကို ချန်ထားလို့ မရဘူး။ ဗုဒ္ဓပါဝစနတွေ မြန်မာပြည် ရောက်လာတော့ နိဿယလုပ်ငန်းတွေ စတင်လုပ်ကိုင်ကြစဉ်က တချို့စကားလုံးတွေကို ဘာသာမပြန်တော့ပဲ မွေးစားစကားလုံး အဖြစ်နဲ့ သုံးခဲ့ကြတယ်။ သစ္စာ, မေတ္တာ, ပညာ, သဒ်ဓါစတဲ့ စကားလုံးတွေပေါ့။ သည်လို ပါဠိသက်ဝေါဟာရတွေက မြန်မာစာမှာ အများကြီး။ --ပြီးတော့ ရှေးပျို့ကဗျာလင်္ကာတွေကို လေ့လာတဲ့အခါမှာ သာမန်မြန်မာစာ သိရုံလောက်နဲ့ မရတော့ဘူး။ မြန်မာ ပေါရာဏတွေ သိရမယ်။ ပါဠိလည်း သိရမယ်။ ပြီးတော့ ဝေဒပညာရပ်တွေကိုလည်း သိရတယ်။ ရှေးပျို့ရေး ဆရာကြီးတွေက သူလိုကိုယ်လို သာမန်လူတွေ မဟုတ်ဘူး။ စာပေကျမ်းဂန်သာမက ဗေဒင်ပညာတွေပါ တတ်ပွန်ကြတဲ့ လူပြန်တော် ပညာရှိကြီးတွေ။ --သူတို့ရေးတဲ့ ပျို့ကဗျာ နိဂုံးတွေမှာ ဘယ်နေ့ ဘယ်နက္ခတ် ဘယ်အချိန် ဘယ်ရာသီမှာ ပြီးပါတယ်ဆိုပြီး ရေးခဲ့ကြတာ။ နက္ခတ်အကြောင်း ရာသီအကြောင်း မသိရင် ဘယ်လိုမှ နားမလည်နိုင်ဘူး။ ရှေးကဗျာတွေ လေ့လာရတာ အသိတွေ အများကြီး ရတယ်။ သူတို့ရေးတဲ့ ကဗျာတပိုဒ်ကို နားလည်ဖို့ ရည်ညွှန်းကိုးကားစာအုပ်တွေ အများကြီး ဖတ်ရတယ်။ ပြီးတော့ ရှေးက ကဗျာရေးတဲ့နေရာ ခွဲထားသတ်ပုံပါ တပါတည်း ရေးကြတယ်။ --ခွဲထားသတ်ပုံ အကြောင်းတွေ လ...