ဆောင်းဝင်တော့မယ်လေ
#သားဦး ဆွယ်တာအင်္ကျီလေးတစ်ထည် သူ့အတွက်ရည်ရွယ်ပါတယ် ဆောင်းဝင်တော့မယ်လေ မြောက်ပြန်လေတွေ အများကြီး အများကြီး မြောက်ပြန်လေတွေ အို ဒီဇင်ဘာ နှစ်ကူးပွဲနဲ့ဝိုင်အရက်တွေ ဝိုင်အရက်တွေ နှစ်ကူးပွဲနဲ့ဒီဇင်ဘာ ဆွယ်တာအင်္ကျီလေးတစ်ထည်ပါ သူနွေးထွေးဖို့ ကိုယ့်အတွေးကိုမီးလိုဖိုထားမိတာ ဆောင်းဝင်တော့မှာလေ နှင်းရေကသွပ်ပြားကိုဖောက်ပြီး ကိုယ်တို့သွေးကြောထဲဖြတ်စီးတော့မှာ ဆောင်းဝင်တော့မှာလေ မနက်စောစော နာရီသံခေါင်းလောင်းမှာ အကြော်ဆိုင်ဆီက နှင်းငွေ့ပါတဲ့မီးခိုးကို မြင်ခွင့်ရတော့မှာ ဆောင်းဝင်တော့မှာလေ ဘူတာရုံ ပလက်ဖောင်းတစ်လျှောက် တစ်စုံတစ်ယောက်ကိုစောင့်နေတယ်ထင်ရတဲ့ မြက်ပင်လေးတွေ မြက်ပင်လေးတွေပေါ်မှာ ဒုက္ခနှင်းစက်နဲ့ ခေါင်းရမ်းနေတဲ့ ခေါင်ရမ်းပန်းများ ခေါင်ရမ်းပန်းများဘေးမှာ ဆောင်းဝင်တော့မှာလေ ဆောင်းဝင်တော့မှာ ပြဇာတ်ဆရာက ပြဇာတ်အသစ်တွေရေးပြီး နှဲဆရာက သူ့နှဲကိုပြင်တော့မှာ မကြာခင် ဆောင်းဝင်တော့မှာလေ ဆွယ်တာအင်္ကျီလေးတစ်ထည် နွေးနွေးထွေးထွေး နွေးနွေးထွေးထွေး ဆွယ်တာအင်္ကျီလေးတစ်ထည် သူ့အတွက်ရည်ရွယ်ပါတယ် ဆောင်းဝင်တော့မယ်လေ ။ ။ သားဦး ၁ ၁၂ ၂၀၁၅